မိန်းကလေးတစ်ယောက်ဆီတိုင်းမှာ ဒေါက်မြင့်ဖိနပ်တစ်ရံလောက်တော့ အနည်းဆုံးရှိသင့်ပါတယ်။ ပွဲလမ်းသဘင်တွေကို သွားတဲ့အခါမှာပဲဖြစ်ဖြစ် စတိုင်ကျပြီးလှပနေစေဖို့ဆိုရင် ဒေါက်ဖိနပ်လေးတစ်ရံတော့ ရှိထားသင့်တာက အမှန်ပါပဲ။ ဒေါက်ဖိနပ်စီးတာက လမ်းလျှောက်ရတာကို ယုံကြည်မှုရှိစေပြီး စတိုင်လည်းကျစေတယ်ဆိုပေမယ့် မလွယ်ကူလွန်းလှပါဘူး။

ဒေါက်ဖိနပ်စီးပြီးသွားရင် ခံစားရတဲ့နာကျင်မှုတွေကိုလည်း မိန်းကလေးချင်းချင်းပဲ ကိုယ်ချင်းစာကြည့်လို့ရနိုင်တာပါ။ ဒါကြောင့် ဒေါက်ဖိနပ်စီးပြီးနာကျင်မှုတွေကို သက်သာစေမယ့်နည်းလမ်းလေးတွေကို ပျိုမေတို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခြေကျင်းဝတ်ကိုလှည့်ပေးပါ

ဒေါက်ဖိနပ်စီးတဲ့အခါမှာ ခြေကျင်းဝတ်ကိုအားပြုပေးရတာကြောင့် ခြေကျင်းဝတ်မှာအနာတရမဖြစ်အောင်လို့ လမ်းလျှောက်ပြီးသွားတဲ့အချိန်တွေမှာ ခြေကျင်းဝတ်ကိုနာရီလက်တံလှည့်သလိုမျိုး လှည့်ပေးမယ်ဆိုရင်တော့ နာကျင်တာတွေကို သက်သာစေမှာပါ။

တင်းနစ်ဘောလုံးလဲ လိုအပ်တယ်

ခြေထောက်တွေနာကျင်လာပြီဆိုရင် တင်းနစ်ဘောလုံး၊ ဒါမှမဟုတ် အအေးဘူးနဲ့လှိမ့်ပြီး နှိပ်နယ်ပေးမယ်ဆိုရင် သင့်ခြေထောက်မှာခံစားနေရတဲ့ ညောင်းညာမှုဝေဒနာတွေကို သက်သာသွားစေမှာပဲဖြစ်ပါတယ်။

ခြေချောင်းလေးတွေကို ကားပေးပါ

တစ်နေ့လုံးဒေါက်ဖိနပ်စီးနေတဲ့အချိန်မှာ ခြေဖျားလေးတွေကိုလည်း အားပြုရတာဖြစ်တဲ့အတွက်ကြောင့် နာကျင်မှုတွေကိုလည်းခံစားရမှာပေါ့။ ဒါကြောင့် ဒေါက်ဖိနပ်ကိုချွတ်ပြီးသွားတဲ့အခါမှာ ခြေချောင်းလေးတွေကို အကြောလျော့တဲ့အနေနဲ့ လေ့ကျင့်ခန်းလေးလုပ်ပေးသင့်ပါတယ်နော်။

ရေနွေးလေးစိမ်ပေးပါ

အိမ်ပြန်ရောက်ပြီဆိုရင် ဇလုံတစ်ခုထဲကို ရေနွေးနွေးလေးထည့်ပြီး သင့်ခြေချောင်းတွေကို အချိန်ခဏလောက်စိမ်ထားပေးလိုက်ပါ။ ရေနွေးကခန္ဓာကိုယ်မှာရှိနေတဲ့ ညောင်းညာကိုက်ခဲမှုတွေ ပြေလျော့သွားစေတာကြောင့် ဒေါက်ဖိနပ်စီးလို့နာကျင်နေတဲ့ သင့်ခြေချောင်းလေးတွေကိုလည်း ပေါ့ပါးလန်းဆန်းသွားစေမှာပါ။

ပလာစတာဆောင်ထားပါ

ဒေါက်ဖိနပ်စီးလို့ ခြေထောက်ပေါက်တာတွေ ဖြစ်လာမယ်ဆိုရင် ဘယ်လိုမှာနာကျင်မှုကို ကြိတ်မှိတ်ပြီး ဆက်ခံနေလို့မရပါဘူး။ ဒါကြောင့် လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ပလာစတာလေးတော့ အိတ်ထဲမှာဆောင်ထားဖို့လိုပါတယ်။

ဒီအချက်တွေကတော့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတိုင်း သက်တောင့်သက်သာဖြစ်စေဖို့ မဖြစ်မနေသိထားသင့်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ခြေလှမ်းတိုင်းကိုယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနိုင်ပြီး စတိုင်ကျလှပနေစေဖို့ဆိုရင် ဒါတွေကိုသိထားသင့်တယ်နော်။

Photo Source: Pinterest