ဆံပင်တွေကျွတ်ပြီး ပါးလာတာက မိန်းကလေးတိုင်းအတွက် အိပ်မက်ဆိုးလိုပါပဲနော်။ အုံထူအောင် ပြုပြင်မှုတွေလုပ်ပေမယ့် မထူးလာတဲ့အခါမှာလည်း ပိုပြီး စိတ်ဓာတ်ကျစေမှာပါ။ ဒီလိုမဖြစ်ရအောင် ဆံပင်ကျွတ်တာ၊ ပါးတာကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကို သိထားတာပိုကောင်းပါတယ်နော်။ ပြုပြင်မှုတွေအပြင် ဖြစ်စေနိုင်တဲ့အရာတွေကိုပါသိထားမှ သတိမထားဘဲ လုပ်မိတာမျိုးမဖြစ်အောင် ရှောင်နိုင်မှာပါ။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတို့သိထားသင့်တဲ့ ဆံပင်ပါးစေတဲ့ အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဦးရေပြားနဲ့ဆံသားတွင်း ပရိုတင်းနဲ့ သံဓာတ်နည်းလို့


ဦးရေပြားနဲ့ ဆံလုံးအရင်းတွေသန်စွမ်းနေမှ ဆံပင်လည်း အုံထူလာမှာပါ။ ဆံသားအားဖြည့်ဖို့ဆိုရင် ကိုယ်စားမယ့် အစားအသောက်ကလည်း အရေးကြီးပါတယ်နော်။ ဆံပင်အရှည်မြန်ဖို့ အထောက်အကူပြုတဲ့ ပရိုတင်းနဲ့ သံဓာတ်များတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးပေးသင့်ပါတယ်။

Stress များတာကြောင့်


Stress များတာကလည်း ဆံပင်တွေကျွတ်ပြီး အရှည်နှေးစေတာကို သတိရပေးပါနော်။ သင့်အနေနဲ့ အကြောင်းအရင်း ရေရေရာရာမရှိဘဲ ဆံပင်တွေပါးလာတယ်လို့ ခံစားရရင် ကိုယ့်မှာ Stress တွေများနေလား အရင်ဆန်းစစ်ကြည့်လိုက်ပါ။

ဆံသားအလွန်အကျွံပြုပြင်မှုကြောင့်


ဖြောင့်စက်၊ ကောက်စက်က အပူတွေနဲ့ ခဏခဏထိတွေ့ရတာ၊ ဆံပင်ဆေးချွတ်ပြီး အရောင်ဆိုးတာတွေကလည်း ဆံသားတွေဖွာထွက်ပြီး တဖြည်းဖြည်းပါးသွားတတ်တာမို့ ဆံပင်ပုံသွင်းတဲ့အခါ အပူလျှော့ပေးတာ၊ အပူခံ Spray ဖြန်းတာတွေ အရင်လုပ်ပေးပါ။ အရောင်ဆိုးတဲ့အခါမှာလည်း တစ်ခါဆိုးပြီး အနည်းဆုံးခြောက်လလောက်စောင့်ပြီးမှ ထပ်ဆိုးတာမျိုးလုပ်သင့်ပါတယ်။

နေပူခံတာများလို့


အကာအကွယ်မပါဘဲ ဆံသားကိုနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုများရင်လည်း ဆံသားတွင်း အဆီအနှစ်တွေဆုံးရှုံးပြီး ခြောက်သွေ့ကာ ကျွတ်ထွက်စေပါတယ်။ ဒီလိုနဲ့ ဆံပင်ပါးလာနိုင်တာမို့ နေပူထဲ တစ်ခုခုမဆောင်းဘဲ ထွက်တာမျိုးကို မလုပ်မိအောင် သတိထားပေးပါ။

Chemical များတဲ့ ဆံသားထုတ်ကုန်တွေကြောင့်


Shampoo နဲ့ Gels စတဲ့ ဆံသားထုတ်ကုန်တွေသုံးတဲ့အခါ Chemical များများပါတာတွေ သုံးမိတာကလည်း တဖြည်းဖြည်းနဲ့ ဆံပင်ကျွတ်များပြီး ပါးလာတတ်တာမို့ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ Product တွေကို ရွေးချယ်သုံးပေးနိုင်ရင် အကောင်းဆုံးပါပဲ။

ဆံပင်ကိုအမြဲခပ်တင်းတင်းစည်းထားတတ်လို့


ဆံပင်တွေရှုပ်နေတာမျိုးမကြိုက်လို့ အမြဲပင့်တင်ထားတတ်တဲ့သူ၊ စည်းတတ်တဲ့သူဆိုရင် ခပ်တင်းတင်းမစည်းမိအောင် သတိထားပါနော်။ တင်းတင်းစည်းလိုက်တဲ့အခါ ဆံပင်ကို အရင်းကနေ ဆွဲချနေသလို ဖြစ်နေမှာပါ။ တတ်နိုင်သလောက်ဆံပင်ချထားသင့်ပြီး ဖဲသားနဲ့ ပိုးသားလို နူးညံ့တဲ့ Surunchie ၊ Hair Tie လေးတွေ သုံးဖို့ အကြံပေးချင်ပါတယ်။

Photo Source: Pinterest, brightside.me