ရုပ်ရှင်ချစ်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းတဲ့ အချစ်ဇာတ်ကားကောင်းလေးတွေကို တင်ဆက်ပေးချင်ပါတယ်။ အချစ်နဲ့ထိတွေ့နေရင် လူတွေတိုင်းက ဆယ်ကျော်သက်လေးတွေလိုပါပဲ ဆိုတဲ့အတိုင်း အချစ်ဇာတ်ကားကောင်းလေးတွေကြည့်ပြီး နုပျိုလတ်ဆတ်တဲ့ခံစားချက်လေးတွေ တစ်ဖန်ပြန်လည်ခံစားကြည့်လိုက်ရအောင်။

(၁) Love Guaranteed (2020)

ရုံးခန်းလေးကို ပိတ်ပစ်ရတော့မယ့်အခြေအနေနဲ့ ကြုံနေရတဲ့ ရှေ့နေမလေး ဆူဇန် ၊ အကြိမ် ၁၀၀၀ နီးပါး ဒိတ်လုပ်ခဲ့ပေမယ့် အခုထိမစွံသေးလို့ အွန်လိုင်းအောင်သွယ်တော်ဝက်ဆိုက်ဒ်ကို တရားစွဲချင်နေတဲ့ နစ်ခ်။ ဆူဇန်က နစ်ခ်ရဲ့ တရားစွဲဆိုမှုကို ဝန်ဆောင်ခများများယူပြီး အမှုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက်မှာ တရားလိုအမှုသည်နစ်ခ်နဲ့ ရှေနေ့မလေး ဆူဇန်တို့ကြား တစ်ယောက်အပေါ်တစ်ယောက်ခံစားချက်တွေ ဘယ်လိုပြောင်းလဲလာမလဲ ၊ နစ်ခ်တစ်ယောက်ရော စွံသွားတော့မှာလည်း စသည်ဖြင့် ရင်ခုန်စွာကြည့်ရမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။

(၂) The Kissing Booth 2 (2020)

အယ်ဗန်စ်တစ်ယောက် သူမဘဝရဲ့ ရိုမန်တစ်အဆန်ဆုံး နွေရာသီကို ခပ်ဆိုးဆိုးချစ်သူကောင်လေး နိုအာနဲ့ ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ နိုအာက ကောလိပ်ဆက်တက်ဖို့ ဟားဗက်သို့ထွက်သွားခဲ့ပြီး အယ်ဗန်စ်နဲ့ သူငယ်ချင်း လီတို့ကလည်း အထက်တန်းစီနီယာကျောင်းသားတွေ ဖြစ်လာခဲ့ပါတယ်။ LDRS ချစ်သူဘဝနဲ့ ဖြတ်သန်းတုန်း နိုအာကလည်း ကောလိပ်မှာချစ်သူအသစ်ရသွားပြီး သူငယ်ချင်းလီကလည်း ကျောင်းရဲ့အလှပဂေးရေချယ်နဲ့ ချစ်သူတွေဖြစ်သွားပါတော့တယ်။

အယ်ဗန်စ်တစ်ယောက်လည်း ခပ်ဟော့ဟော့ ကောင်လေးတစ်ယောက်နဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ အယ်ဗန်စ်နဲ့ နိုအာတို့ရောအချစ်ရေးက အဆုံးသတ်သွားတော့မှာလား ၊ အယ်ဗန်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း လီနဲ့ ရေချယ်တို့ကြားမှာရော ဘယ်လိုပြဿနာတွေ ဖြစ်လာမလဲ စသည်ဖြင့် စိတ်လှုပ်ရှားစွာကြည့်ရမယ့် ဆယ်ကျော်သက်ရိုမန့်ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။

(၃) To All the Boys: P.S. I Still Love You (2020)

ချစ်သူတွေအဖြစ်ဟန်ဆောင်ခဲ့ကြတဲ့ လာရာဂျင်းနဲ့ ပီတာတို့ဟာ တကယ်ချစ်တဲ့ချစ်သူတွေအဖြစ်ကို ရောက်ရှိလာပြီး ကြည်နူးစရာချစ်သူဘဝကို ဖြတ်သန်းနေကြပါတယ်။ အဲ့အချိန်မှာပဲ အလယ်တန်းတုန်းက လာရာဂျင်းဆီက နောက်ထပ်ရည်းစားစာတစ်စောင်ကို လက်ခံရရှိခဲ့တဲ့ ဂျွန်ဆိုတဲ့ကောင်လေးစီကနေ ပြန်စာတစ်စောင် ပါးလာပါတော့တယ်။

ဒီကစလို့ မထင်မှတ်ပဲ လာရာဂျင်းနဲ့ ဂျွန်တို့ပြန်လည်တွေ့ဆုံလာခဲ့ပြီး သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်လာပါတော့တယ်။ လာရာဂျင်းတစ်ယောက် ပီတာနဲ့ ဂျွန်ကြား ပြဿနာတွေ ဘယ်လိုဖြေရှင်းရမလဲ ၊ ဘယ်လိုရွေးချယ်မှုတွေ လုပ်သွားမလဲဆိုတာ ရင်ခုန်စွာကြည့်ရမယ့် အချစ်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။

(၄) After (2019)

စာအရမ်းတော်ပြီး ကျောင်းစာတွေ ၊ စာအုပ်တွေနဲ့ပဲ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းလာခဲ့တဲ့ တက်ဆာ ဆိုတဲ့ ကောင်မလေးတစ်ယောက် ကောလိပ်ရောက်လာချိန်မှာတော့ ဟာဒင်ဆိုတဲ့ကောင်လေးနဲ့ တွေ့ဆုံခဲ့ပြီး သူမဘဝက ဘယ်လိုတွေပြောင်းလဲသွားမလဲ။ ဟာဒင်ကရော အချစ်ဆိုတဲ့အရာကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပြီး ဘယ်လိုပုံစံမျိုး လက်ခံထားသူတစ်ယောက်လဲ။ တက်ဆာနဲ့တွေ့ချိန်မှာ သူရောဘယ်လိုတွေ ပြောင်းလဲသွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရမယ့် ရိုမန်တစ်ဆန်ဆန်အချစ်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။