ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်အပေါ် အချစ် လျော့နေပြီလို့ ခံစားနေရပြီလား။ ဒီမေးခွန်းဟာ နှစ်ရှည်လများ လက်တွဲခိုင်မြဲလာတဲ့ ချစ်သူစုံတွဲအများစုကို မှားယွင်းသောအတွေးတွေ အစပျိုးစေမယ့် အန္တရာယ်မေးခွန်းတစ်ခုဖြစ်ပါတယ်။ တကယ်တော့ အချစ်တွေလျော့သွားတာမဟုတ်ပါဘူး အချစ်တွေ Comfort Zone ထဲကို ရောက်သွားတဲ့အထိ အနေနီးစပ်သွားလို့ပါ။

ဆိုလိုတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးမှုသံယောဇဉ်က မြင့်တက်လာပြီး ပုံသေကားချပ်တစ်ခုလို ဖြစ်သွားတာမျိုးဖြစ်ပါတယ်။ အချစ်တွေတဖန် ပြန်လည်နိုးထလာဖို့ဆိုရင် ရိုဆန်တဲ့ Date လေးတွေ နှစ်ယောက်အတူဖန်တီးနိုင်ဖို့လိုပါတယ်။ ဒါကြောင့်သာမာန်လုပ်နေကျအရာတွေထဲက ခွဲထွက်ပြီး ဘယ်လိုကြည်နူးစဖွယ်ကောင်းတဲ့ ဒိတ်လုပ်နည်းလေးတွေ ဖန်တီးပြီး အချစ်စာမျက်နှာအသစ်ကို တဖန်ဖွင့်လှစ်နိုင်မလဲ ဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

(၁) မြို့ပတ်ရထားစီးပါ

ကိုယ့်ချစ်သူနဲ့အတူ မြန်မာပြည်အနှံ့ မရောက်ဖူးသေးရင်တောင် ရန်ကုန်မြို့အနှံ့လေးတော့ တူတူရောက်အောင်သွားပါ။ အချိန်ကုန် ငွေကုန် သက်သာစေတဲ့အပြင် Traffic ကင်းပြီး လေတဖြူးဖြူးနဲ့ မြို့ပတ်ရထားတူတူပတ်စီးပါ။ ရန်ကုန်မြို့အနှံ့ လျှောက်ကြည့်ရင်း မုန့်လေးစားလိုက်၊ စကားလေးဖောင်ဖွဲ့လိုက် လုပ်ရတာကလည်း သင်တို့ချစ်သူနှစ်ဦးကြားမှာ အတွေ့ကြုံသစ်တစ်ခု ဖြစ်စေမှာပါ။

(၂) Spa အတူတူသွားပါ

ယောကျာ်းလေးတွေ Spa မသွားရဘူးလို့ ပညတ်ချက်မရှိပါဘူး။ ချစ်သူကောင်လေးတွေအနေနဲ့ ကောင်မလေးနဲ့အတူ Spa မှာဒိတ်လုပ်ဖို့လည်း ဝန်မလေးပါနဲ့။ ဒါဟာ သင့်အနေနဲ့ သူမအပေါ်ဘယ်လောက်ထိ ဂရုတစိုက်ရှိတယ်၊ ဘယ်လောက်ထိ နှစ်ကိုယ့်တစ်စိတ်ဖြစ်နိုင်တယ်ဆိုတာ ထုတ်ဖော်ပြသရာရောက်ပါတယ်။ နှစ်ယောက်တူတူ စိတ်သစ်လူသစ်နဲ့ Fresh ဖြစ်စေမယ့် ခံစားချက်မျိုးရရှိစေပြီး အရင်ထက်အချစ်တွေ တိုးပွားစေဖို့ အထောက်အကူပြုဖြစ်စေမှာပါ။

(၃) စိုက်ခင်းတစ်ခု အတူတူသွားပါ

Travel Blogger တွေရဲ့ Page တွေကို Follow လုပ်ထားဖို့လည်း မမေ့ပါနဲ့။ Travel Blogger တွေ Sharing လုပ်ထားတဲ့နေရာလေးတွေ အထူးသဖြင့် မြို့နဲ့မနီးမဝေးနေရာလေးတွေမှာ သွားရောက်လည်ပတ်နိုင်မယ့် အော်ဂန်းနစ်စိုက်ခင်းလေးတွေကို နှစ်ယောက်အတူအရောက်သွားပါ။ လတ်လတ်ဆတ်ဆတ် သစ်သီးဝလံလေးတွေ၊ ဟင်းသီးဟင်းရွက်လေးတွေကို နှစ်ယောက်အတူခူးပြီး တူတူချက်ပြုတ်စားရတာက Five Star Hotel က ဘူဖေးထက်တောင် ပိုပြီးအရသာပြည့်စုံနေမှာဖြစ်ပါတယ်။

(၄) ရွက်လှေ သို့မဟုတ် ကနူးလှေ အတူတူလှော်ပါ

ချစ်သူကောင်မလေးက ကာတွန်းကားတွေ ကြိုက်နှစ်သက်တဲ့ Disney ပရိသတ်လေးတစ်ယောက်ဆိုရင် ဒီအစီအစဉ်လေးကို ရွေးချယ်လိုက်ပါ။ ကာတွန်းလေးထဲကလို နေဝင်ရီတရောအချိန်လေးမှာ ချစ်သူနဲ့အတူ လှေလေးလှော်ရင်း စင်ယော်ငှက်ကလေးတွေ ပျံသန်းနေတာ ကြည့်ရတာကိုနှစ်ခြိုက်မှာ အသေချာပါပဲ။ ကန်ရေပြင်က လတ်ဆတ်တဲ့လေညှင်းခံရတာဟာ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလည်းဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

By MyStyle Myanmar