အားလုံးပဲ မင်္ဂလာပါ။ Social Media ပေါ်မှာ ပျော်ရွှင်နေတဲ့လူတွေ၊ အောင်မြင်နေတဲ့လူတွေကို ကြည့်ပြီး ကိုယ်ကတော့ ဘာမှမဖြစ်သေးဘူးလို့ တွေးရင်း စိတ်ဓာတ်ကျနေပြီလား။ တခြားလူတွေရဲ့ အောင်မြင်မှုတွေကို တွေးနေမယ့်အစား ကိုယ့်ကိုကိုယ် အာရုံစိုက်ပြီး ဒီအချက် (၃) ချက်ကို လုပ်ကြည့်လိုက်ပါ။

၁။ ဘာကြောင့်လဲစဉ်းစားပါ

သင်ဘာလို့ လူတစ်ယောက်ကို အားကျနေမိတာလဲ။ သူတို့နဲ့ ကိုယ့်ကိုကိုယ် ဘာလို့ နှိုင်းယှဉ်မိလဲ အကြောင်းအရင်းကို စဉ်းစားပါ။ အဓိက အကြောင်းအရင်းကတော့သင်က သင့်အလုပ်တာဝန်တွေကို မကျေပွန်သေးလို့ပါ။ ဥပမာ သင်က အိမ်စာ မပြီးသေးတော့ အိမ်စာပြီးတဲ့သူငယ်ချင်းကို အားကျတယ်။ ကိုယ့်ကိုကိုယ် အားမရဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ဆီမှာ မပြီးသေးတဲ့ အလုပ်ဘာတွေရှိသေးလဲ။ ကိုယ် ဘာတွေ မအောင်မြင်သေးလဲ အရင်စဉ်းစားပါ။ သူမာျးကို အားကျရတဲ့အကြောင်းအရင်းကို စဉ်းစားရင်း ကိုယ့်လိုအပ်ချက်တွေ ပေါ်လာပါလိမ့်မယ်။ မအောင်မြင်သေးရင် ဘာလို့ မအောင်မြင်သေးလဲ။ အောင်မြင်အောင် ငါဘယ်က စလုပ်မလဲစဉ်းစားပါ။ စဉ်းစားပြီးရင် လက်တွေ့လုပ်ပါ။

၂။ စလုပ်ပါ

ကိုယ့်အားနည်းချက် လိုအပ်ချက်ကို သိပြီဆိုတာနဲ့ အလုပ်စလုပ်ပါ။ ဘာတွေ လုပ်ဖို့ လိုအပ်ပြီလဲ။ ငါဘာတွေဖြစ်ချင်လဲ စာအုပ်တစ်အုပ်ထဲ ချရေးပါ။ ပြီးတာနဲ့ စလုပ်ပါတော့။

၃။ အခြားလူတွေဆီက သင်ယူပါ

တခြားလူတွေကို အားကျရာကနေ သူတို့ဆီက သင်ယူနိုင်ပါသေးတယ်။ သင်အားကျတဲ့လူတွေ ဘာတွေလုပ်နေလဲ လိုက်ကြည့်ပါ။ သူတို့ဆီက ကိုယ်သဘောကျတဲ့အချက်တွေ အတုယူပါ။ ကိုးကားပါ။ သင်အားကျတဲ့လူတွေနဲ့ စကားပြောပြီး သူတို့ အောင်မြင်အောင် ဘယ်လိုလုပ်ခဲ့လဲ မေးမြန်းပါ။

ဒီအချက်သုံးချက်ကတော့ သင့်ရဲ့ နှိုင်းယှဉ်တတ်တဲ့စိတ်၊ အမြဲစိတ်ဓာတ်ကျနေတတ်တဲ့ စိတ်ကို မြှင့်တင်ပေးနိုင်မယ့်အရာတွေပါ။ တစ်ခါတလေ အဆိုးမြင်စိတ်တွေကို လူတိုင်းလိုလိုတွေးတတ်ပါတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်တွေကိုတော့ မစွန့်လွတ်သင့်ပါဘူး။ လူတစ်ယောက်ကို မနာလိုဖြစ်ခဲ့ရင်လည်း သင်က လူဆိုးမဖြစ်သွားဘူးဆိုတာ မှတ်ထားပေးပါ။ ဒါကြောင့် နောင်တစ်ချိန်မှာ လူတစ်ယောက်ကို အားကျခဲ့ရင် ကိုယ်နဲ့ နှိုင်းယှဉ်မိခဲ့ရင် ဒီအချက် (၃) ချက်ကို သတိရပေးပါနော်။

Photo Source:Pinterest