သမီးရည်းစားကိစ္စဆိုတာ တစ်ခါတစ်လေမှာ လိုအပ်စွာ ‘အ’ လိုက်ရမယ့် အချိန်တွေလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ စမတ်ကျတဲ့ အမျိုးသားတွေအနေနဲ့ ကြုံတတ်တဲ့ အချစ်ရေးပြဿနာတွေကတော့ အောက်ပါအတိုင်းပါပဲ။

(၁) အကုန်လုံး လိုက်ထိန်းချုပ်နေမိတတ်တယ်

ထက်မြက်တဲ့ ယောင်္ကျားတွေဟာ ဖြစ်လာမယ့် ပြဿနာကို ကြိုမြင်လေ့ ရှိပါတယ်။ ဒီလို မြင်လို့ပဲ ကိုယ့်ချစ်သူကို ကြိုပြီး ချုပ်ချယ်ထားမိတတ်ပါတယ်။ မိန်းကလေးတွေအနေနဲ့လည်း သူတို့ကို ကလေးကြီးလို လုပ်ပြီး အုပ်ချုပ်နေတဲ့သူကို စိတ်ကုန်ကြမှာပါ။ ချစ်မှုရေးရာ Relationship ဆိုတာ နှစ်ဦးသဘောတူ ပူးပေါင်းမှု Partnership ဖြစ်လို့ တစ်ဖက်သားရဲ့ စိတ်ဆန္ဒကိုလည်း အရေးပေးဖို့ လိုပါတယ်။

(၂) ကိုယ့်ချစ်သူရဲ့ ခံစားချက်ကို ထည့်မစဉ်းစားမိတတ်ဘူး

ယောင်္ကျားတစ်ယောက်ဟာ ကြုံလာတဲ့ကိစ္စကို ယောင်္ကျားဆန်ဆန် ဖြေရှင်းပါတယ်။ တော်ရုံခံစားချက်မျိုးကြောင့် ပျော့ညံ့မသွားတတ်ပါဘူး။ ထက်မြက်တဲ့ အမျိုးသားတွေဆို ပိုလို့တောင် စိတ်ဓါတ်ကြံ့ခိုင်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေကတော့ မိန်းကလေးစိတ်အခံနဲ့ နေထိုင်ပါတယ်။ ဒါကို နားလည်ပေးပြီး တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို စာနာမပေးရင်တော့ အချစ်ရေးမှာ ချောမွေ့ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။

(၃) ကြိတ်ခံစားတယ်

ယောင်္ကျားတစ်ယောက်ဟာ တော်ရုံပြဿနာနဲ့ စိတ်ခံစားချက်တွေကို ဘယ်သူ့မှ မပြောဘဲ တစ်ယောက်တည်း ဖြတ်သန်းပါတယ်။ သူ့ချစ်သူကိုတောင် မပြောဖြစ်တာတွေလည်း အများကြီး ရှိပါတယ်။ ဒါက အမြဲတမ်း ကောင်းတာတော့ မဟုတ်ပါဘူး။

ရင်ထဲမှာ အစိုင်အခဲတွေ တင်းကြမ်းရှိနေတဲ့သူဟာ အန္တရာယ်ရှိတဲ့ သူပါပဲ။ တစ်ခြားသူတွေပါ ထိခိုက်အောင် လုပ်မိတတ်ပါတယ်။ ဒါကြောင့် အချစ်ရေး အဆင်ပြေချင်တယ်ဆိုရင် ကိုယ့်ချစ်သူနဲ့ တကယ်နီးနီးကပ်ကပ်နေပါ။ ရင်ဖွင့်သင့်တာကို ဖွင့်ပါ။ ယောင်္ကျားတန်မယ့် အရမ်းကာရောတော့လည်း မငြီးငြူမိပါစေနဲ့။

(၄) တန်ဖိုးမထားမိသလို လုပ်မိတတ်တယ်

တစ်ခါတစ်လေမှာ ကိုယ့်လုပ်ရပ်က ကိုယ့်ချစ်သူကို နာကျင်စေတတ်ပါတယ်။ ဘယ်လိုအခါမျိုးလဲ ဆိုရင် ကိုယ်တွေးသလောက် သူမတွေးနိုင်တဲ့အနေအထားမျိုးမှာ။ “ဒါလေးတောင် မသိရသလား” လို့ ဆူခဲ့ပူခဲ့ဖူးရင် ၊ လှောင်ခဲ့ပြောင်ခဲ့ဖူးရင် ဘယ်လိုအချစ်ရေးက ပျော်စရာကောင်းမှာတဲ့လဲ။

တော်တဲ့ ထက်တဲ့ ယောင်္ကျားတွေဟာ အခုလို အမှားတွေကို မရည်ရွယ်ဘဲ လုပ်မိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလုပ်ရပ်တွေက Relationship တစ်ခုအတွက် အနုတ်လက္ခဏာဖြစ်လို့ မလုပ်မိအောင်သာ ရှောင်ရှားဖို့ အကြံပေးချင်ပါတယ်။