အိမ်မွေးတိရိစ္ဆာန်တွေတောင်မှ ခွေးကလေးနဲ့ ကြောင်ကလေးတွေရဲ့ သဘာဝ မတူတတ်ကြပါဘူး။ ဒီလိုမတူတာတွေ အများကြီးရှိတဲ့အနက်မှ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်များထံမှ ပြန်လည်သင်ယူနိုင်တဲ့ အဖိုးတန် Relationship သင်ခန်းစာ များရှိပါတယ်။

ဘယ်လို Relstionship သင်ခန်းစာများကို သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်များထံမှ သင်ယူလေ့လာနိုင်မလဲဆိုတာကို သင် သိပါသလား။

ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် အချစ်များ သေဆုံးမသွားခြင်း

အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ သင့်ကို အဆုံးအစမဲ့ချစ်ခြင်းမေတ္တာတရားနဲ့ ချစ်တတ်ကြတာဖြစ်ပါတယ်။ သင့်ဆီက ဘာတွေပေးရမယ် ဘာတွေသူ့အတွက် လုပ်ပေးရမယ်ဆိုတဲ့ တောင်းဆိုမှုတွေ မရှိပါဘူး။ သူတို့ဟာ သင့်အပေါ် လိမ်ညာမှာလည်းမဟုတ်သလို ဖောက်လွှဲဖောက်ပြန် သဘောထားမျိုးလည်းမရှိပါဘူး။

ကိုယ့်ရဲ့ချစ်သူ လက်တွဲဖော်ကို ထိုကဲ့သို့သောအချစ်မျိုးနဲ့ ချစ်ပေးနိုင်တယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ ဘယ်လောက်တောင် သာယာကြည်နူးပြီး ပျော်ရွှင်ဖွယ်ကောင်းလိုက်မလဲလေ။

ခွင့်လွှတ်ပေးကာ စိတ်ထဲမှာ အညှိုးအတေးမထားတတ်ခြင်း

သင် မကြိုက်တဲ့ တစ်စုံတစ်ခုကို သူတို့ မရည်ရွယ်ဘဲ ပြုလုပ်လိုက်မိလို့ သင့်ဆီက အဆူခံခဲ့ရတယ်ဆိုရင်တောင် အချိန်အနည်းငယ်ကြာတဲ့အခါ သင့်အနားကိုပဲ ပြန်ရောက်လာကာ ပွတ်သီးပွတ်သပ်လေး နေတတ်တာမဟုတ်လား။

သူတို့ရဲ့အပြုအမူကို ကြည့်ခြင်းအားဖြင့် သင့်ကို ခွင့်လွှတ်ပေးခြင်း၊ သင် ဆူတာကို စိတ်မခုကြောင်း ဖော်ပြနေတာပဲဖြစ်ပါတယ်။

ယုံကြည်တတ်ခြင်း

လူသားတွေဟာ တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံရေးမှာ သံသယတွေနဲ့ တစ်ဦးကိုတစ်ဦး ယုံကြည်ဖို့ ခက်ခဲလှပါတယ်။ ယုံကြည်မှုဟာ တည်ဆောက်ရတာ ခက်ခဲသလောက် ပြိုကွဲပျက်စီးသွားရင်တော့ အချိန်ပိုင်းလောက်လေးသာဖြစ်ပါတယ်။

သင့်ရဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေကတော့ သင့်ကို အဆုံးအစမဲ့ ယုံကြည်တတ်ကြပြီး သင့်ကို နည်းနည်းလေးတောင် သံသယမဝင်တတ်ကြပါဘူး။ သူတို့ရဲ့သခင်ကို အဲ့ဒီလောက်တောင် ချစ်ကြတဲ့အကောင်လေးတွေဖြစ်ပါတယ်။

လူသားများသည်လည်း အိမ်မွေးတိရိစ္ဆာန်လေးများထံမှ Relationship သင်ခန်းစာများကို ပြန်လည်သင်ယူသင့်ပါတယ်။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးတတ်အောင် သင်ကြားပေးခြင်း

သင် အိမ်ပြန်ရောက်လာပြီဆိုတာနဲ့ သင့်အိမ်မွေးတိရိစ္ဆာန်လေးတွေက သင့်အနားကနေ တစ်ဖဝါးမှမခွာဘဲ စက္ကန့်နဲ့အမျှ သင့်အနားမှာ ရှိနေပေးတာကို သတိထားမိပါသလား။ သင် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ ဝမ်းနည်းသည်ဖြစ်စေ၊ ပျင်းရိငြီးငွေ့ဖွယ်ကောင်းရင်တောင်မှ သင့်နဲ့ အချိန်အတူတူ ကုန်ဆုံးချင်ကြတာဖြစ်ပါတယ်။

လူသားတွေဟာ တစ်နေကုန်အလုပ်လုပ်ပြီးနောက် ပင်ပန်းသွားတဲ့အခါ အိမ်ပြန်ရောက်ကာ တစ်ယောက်တည်း အနားယူတတ်ကြပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်က အနားမှာ ပတီပတာစကားလာပြောရင်တောင်မှ အရေးသိပ်မစိုက်ကြတော့ဘဲ နားငြီးတယ်လို့တောင် ခံယူတတ်ကြတာမဟုတ်လား။

ကြာလာတဲ့အခါ ထို Relationship တစ်ခုဟာ Healthy Relationship တစ်ခုမဖြစ်တော့ဘဲ တဖြည်းဖြည်း ပျက်စီးယိုယွင်းသွားနိုင်ပါတယ်။ လူသားများသည်လည်း ကိုယ့်ရဲ့အလုပ်တစ်ခုတည်းကိုသာ အသည်းအသန်ဖိလုပ်မနေဘဲ ကိုယ့်ရဲ့ကိုယ်ပိုင်ဘဝအတွက် ကိုယ် ချစ်ခင်ရတဲ့သူတွေအတွက် သီးသန့်အချိန်တစ်ခုဖန်တီးထားသင့်ပါတယ်။

သို့မှသာ အလုပ်နှင့် ဘဝဟာ မျှခြေဖြစ်နေမှာဖြစ်ပြီး သာယာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင်တော့ ဘဝကြီးက အဓိပ္ပာယ်မဲ့ကာ ရှင်သန်နေထိုင်ရတာ မွန်းကြပ်လာပါလိမ့်မယ်။