ဘဝဆိုတာ အမြဲတမ်း ကိုယ်ချစ်သူနဲ့ တူစုံမကွာ ပေါင်းဖက်လေသတည်းလို့ အလွယ်လေး ပြောလို့ မရလေတော့ သင်ချစ်သူတစ်ယောက်ယောက်ကို ဆုံးရှုံးလက်လွတ်တာမျိုး ကြုံတွေ့ရတတ်ပါတယ်။

မစာနာလို့ ပြောတာမျိုးမဟုတ်ပေမယ့် ကိုယ်နဲ့ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ လမ်းခွဲသွားပြီးဖြစ်တဲ့သူဟာ သင်နဲ့ လုံးဝကို မသက်ဆိုင်သူတစ်ယောက် ဖြစ်သွားပြီဆိုတာ လက်ခံရမှာပါ။

ဒါနဲ့အတူ မဆိုင်သူဆီမှာ ထပ်မတွယ်ငြိစေဖို့ သင့်ကိုယ်သင် ဆုံးမဖို့ လိုပါတယ်။ ဒီနည်းလမ်းတစ်ချို့က သင့်ရဲ့ အဆက်ဟောင်းကို မေ့လိုက်ဖို့ ကူညီပေးနိုင်ပါတယ်။

(၁) လက်လွှတ်လိုက်ပါ

Relationship တိုင်းရဲ့ စည်းမျဉ်းတစ်ခုက ဘယ်တော့ဘယ်ခါမှ မငြိတွယ်ဖို့ပါပဲ။ သင်တွယ်ဆုပ်ထားတဲ့ အရာတွေဟာ တစ်ချိန်ချိန်မှာ ပြေလျော့လက်လွတ်သွားနိုင်ပါတယ်။ အခုလို အပြီးတိုင် ပြတ်စဲသွားတဲ့နောက် သူနဲ့ ပတ်သတ်ပြီး မျှော်လင့်ချက်တွေ စွန့်လွှတ်ပါ။ ပြန်ဆက်ဖို့ အတွေးကို ခေါင်းထဲက အပြီးအပြတ် မောင်းထုတ်လိုက်ပါတော့။

(၂) တက်ကြွစွာနေထိုင်ပါ

အသည်းကွဲခြင်းမှာ အလူးအလဲ ခံစားရတာကို နားလည်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာကို နာတာရှည်မဖြစ်အောင် ကိုယ်တိုင်ပဲ ကုစားပေးဖို့လိုပါတယ်။ အပြင်လောကထဲ တိုးဝင်ပါ။ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ဆုံပါ။

ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ အရင်က သွားချင်ခဲ့တဲ့ နေရာတွေ ရှိရင် အဲဒီနေရာတွေဆီ ခရီးထွက်ပါ။ ဘဝစာမျက်နှာကို အသစ်ပြန်ရေးမယ်လို့ ကိုယ့်ကိုယ်ကို ကတိပေးလိုက်ပါ။

(၃) တက်လမ်းရှာပါ

အခုဆို သင်ဟာ လူလွတ်တစ်ယောက် ဖြစ်သွားပါပြီ။ Single တစ်ယောက်ရဲ့ အားသာချက်က သူ့မှာ အချိန်တွေ ပိုရလာတာပါပဲ။ နောက်ပြီး ကိုယ်လုပ်ချင်တာကို လွတ်လွတ်လပ်လပ် ပိုလုပ်ဖို့ အခွင့်အရေးတွေ ပိုရလာပြီ ဖြစ်ပါတယ်။

ဒီအချိန်မှာ သင့်ကိုယ်သင် အဆင့်မြှင့်တင်ဖို့ အကောင်းဆုံး ဖြစ်ပါတယ်။ အားကစားလုပ်ပါ။ အဝတ်အစားသစ် ဝယ်ဝတ်ပါ။ ပညာရပ်သစ်တွေ သင်ယူပါ။

(၄) Ex နဲ့ တတ်နိုင်သမျှ အဆက်အသွယ်ဖြတ်ပါ

ဖြစ်တတ်တာတစ်ခုက တစ်ခါတစ်လေမှာ သင့်အဆက်ဟောင်းဟာ သင့်ဆီ ပြန်ဆက်သွယ်ပတ်သက်လာတာမျိုး ရှိတတ်ပါတယ်။ ဒီလိုအနေအထားမှာ တတ်နိုင်သရွေ့ ရှောင်ပါ။ သံယောဇဉ်ဖြတ်တောက်ခြင်းဟာ နောက်တစ်ခါ မနာကျင်ဖို့အတွက် ဖြစ်ပါတယ်။ သင်ကူညီနိုင်တာတွေရှိရင် ကူညီပေးလိုက်ပါ။ ဒါပေမယ့် အရင်လိုမျိုး စကားတွေ မဆိုသင့်သလို အရင်လို တွဲသွားတွဲလာတွေလည်း မလုပ်သင့်ပါဘူး။

ဖြစ်နိုင်ရင် သင့်ရဲ့ လူမှုကွန်ရက်အကောင့်တွေကနေ သူ့ကို Block လိုက်ပါ။ မက်ဆေ့ချ်ဟောင်းတွေ ဖျက်ပစ်ပါ။ ပြောချင်တာက မမုန်းနိုင်တောင် မေ့ပစ်လိုက်တာဟ သင့်တို့နှစ်ယောက်အတွက် အကောင်းဆုံးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။