အလုပ်သိပ်များရင် အာရုံကြောတွေ တင်းပြီး စိတ်ဖိစီးမှုဝင်လာပါမယ်။ ဒီလိုအချိန်မှာ လုပ်လက်စ အလုပ်တွေ ခဏရပ်ပြီး အပြင်ကိုထွက် လေကောင်းလေသန့်လေး ရှုရှိုက်သင့်ပါတယ်။ အပြင်ထွက်ဖို့မလွယ်သူတွေအတွက်လည်း ကိုယ့်ရဲ့ ထိုင်ခုံမှာပဲ စိတ်ဖိစီမှုကို ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။

(၁) Ear Massage

တရုတ်ရှေးဟောင်းဆေးပညာမှာ နားရွက်ကို နှိပ်နယ်ပေးခြင်းဟာ စိတ်ဖိစီးမှု ၊ ရှုပ်ထွေးတင်းကြပ်မှုတွေကို အမြန်ဆုံး သက်သာစေတဲ့ နည်းစနစ်တစ်ခုအဖြစ် ဖော်ပြထားပါတယ်။ နည်းလမ်းကတော့ နားရွက်အလယ်ပိုင်းရဲ့ အပေါ်ဘက်သုံးပုံတစ်ပုံနေရာကို ညင်ညင်သာသာလေး နှိပ်ပေးရတာပါ။ ဒီနေရာကို Shen Men အမှတ်လို့ခေါ်ပါတယ်။ Shen Men နေရာကို နှိပ်ပေးရင် စိတ်ဖိစီးမှု လျော့ပါးပြီး စွမ်းရည်မြင့်တက်လာစေပါတယ်။

(၂) အလုပ်စားပွဲ ရှင်းလင်းပါ

ကိုယ်နေတဲ့ အခန်းနဲ့ကိုယ်အလုပ်လုပ်နေတဲ့နေရာဟာ သပ်ရပ်နေရင် စိတ်ပိုရှင်းပါတယ်။ အလုပ်လုပ်ရာမှာလည်း ပိုပြီး အလုပ်လုပ်လို့ကောင်းစေပါတယ်။ တစ်ခါတစ်လေ စိတ်ရှုပ်ထွေးနေချိန်မှာ ကိုယ့်စားပွဲကို တစ်ချက်အရင်ရှင်းပြီး ပြန်ထိုင်လိုက်ရင်တောင် စိတ်ကြည်သွားတာ သိသာပါတယ်။

(၃) လက်ချောင်းတွေ နှိပ်နယ်ပေးပါ

အလုပ်စားပွဲကနေ ထမရအောင် အလုပ်များနေတဲ့အချိန် စိတ်လည်းဖိစီးနေတယ်ဆိုရင် လက်မနဲ့လက်ညိုးအကြားမှာ စက်ဝိုင်းပုံစံ နှိပ်ပေးကြည့်ပါ။ ကြွက်သားတွေ ပြေလျော့သွားအောင် ဖြည်းဖြည်းပဲ နှိပ်ပေးဖို့လိုပါတယ်။ ဒီလိုနှိပ်နယ်ပေးတာနဲ့လက်ချောင်းတွေ ၊ ပုခုံးနဲ့လည်ပင်းတွေဟာ ဖြည်းဖြည်းချင်အကြောတွေ လျော့သွားတာကို ခံစားမိမှာ ဖြစ်ပါတယ်။

(၄) အသက်ပြင်းပြင်းရှုပါ

အသက်ရှုနည်းစနစ်တွေဟာ စိတ်ဖိစီးနေသူအတွက် ဆေးတစ်လက်ပါပဲ။ အသက်ကို ပြင်းပြင်းရှုပြီး ဝမ်းဗိုက်တစ်ခုလုံး မို့မောက်သွားတဲ့အထိ ရှုသွင်းပြီး ဖြည်းဖြည်းချင်း ပြန်ထုတ်တဲ့ နည်းစနစ်ကို ၃-၄ ကြိမ်လောက်လုပ်ကြည့်ရင်ကို စိတ်ဖိစီးတာသက်သာပါတယ်။

(၅) စိတ်နဲ့အကြောလျှော့ပါ

ဒီနည်းကတော့ ထိုင်ခုံမှာထိုင်ပြီး စိတ်ကိုလျှော့ထားပြီး ခြေချောင်းတွေမှာ တင်းနေတာကို သိပြီး စိတ်နဲ့ဖြည်းဖြည်းချင်း ဖြေလျှော့ရမှာပါ။ ခြေချောင်းတွေကနေ တစ်ဆင့်တက်ပြီး ခြေဖဝါး ၊ ခြေသလုံး ၊ ဒူး ၊ ပေါင်း ခါးနဲ့နောက်ဆုံး မျက်နှာ နဲ့ခေါင်းတွေအထိ စိတ်နဲ့ကြွက်သားတွေ တင်းနေတာကိုသိပြီး လျှော့ချရမှာပါ။