Date လုပ်နေတဲ့အချိန်မှာ ရည်းစားဟောင်းအကြောင်း မပြောသင့်ဘူးဆိုတာတော့ အားလုံးသိမှာပါ။ ဒါပေမယ့် တချို့ကျတော့ ရည်းစားဟောင်းအကြောင်းကို ဦးတည်ပြောတာမျိုး မဟုတ်ပေမယ့်လည်း ဘာအကြောင်းပြောပြော နောက်ဆုံးကျ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေဆီပဲ ရောက်ရောက်သွားတာမျိုး ရှိပါတယ်။ Date လုပ်နေတဲ့အချိန်မှာ ရည်းစားဟောင်းအကြောင်းကိုပဲ ပြောနေမယ်ဆိုရင်တော့ ဒီလိုအရာတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ဖက်လူအပေါ် Respect မရှိခြင်း

Date လုပ်နေတဲ့အချိန်မှာ ရည်းစားဟောင်းအကြောင်း ပြောတာက တစ်ဖက်လူအပေါ် Respect မရှိရာကျပါတယ်။ တစ်ဖက်လူကလည်း ဒီလိုပဲထင်မှာပါ။ First Date မှာဆိုရင် ပိုတောင်သတိထားသင့်ပါတယ်။ ကိုယ့်ရည်းစားဟောင်းအကြောင်းလည်း မပြောသင့်သလို သူများရည်းစားဟောင်းအကြောင်းလည်း မမေးသင့်ပါဘူး။

ရည်းစားဟောင်းကိုမမေ့နိုင်ဘူးအထင်ခံရခြင်း

Date လုပ်နေတဲ့အချိန်မှာတောင်မှ ရည်းစားဟောင်းအကြောင်းတွေ ပြောနေတဲ့သူကို လူတိုင်းက ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့သူလို့ ထင်မှာပါပဲ။ တစ်ဖက်လူကလည်း ရည်းစားဟောင်းကို မမေ့နိုင်သေးပဲ ငါနဲ့လာ Date နေတာပဲဆိုပြီး သတ်မှတ်သွားပါလိမ့်မယ်။

တစ်ဖက်လူအတွက်စိတ်ပျက်စရာဖြစ်စေခြင်း

Date လုပ်တဲ့အခါ နှစ်ယောက်အကြောင်း ပြောဆိုနေရမယ့်အချိန်မှာ မဆိုင်တဲ့ ရည်းစားဟောင်းအကြောင်းတွေ ပြောနေခြင်းက တစ်ဖက်လူအတွက် အရမ်းကိုစိတ်ပျက်စရာ ဖြစ်စေပါတယ်။ သင့်အပေါ်မှာရှိနေတဲ့ သူ့ခံစားချက်တွေလည်း လျော့ကျသွားနိုင်ပါတယ်။

နောက်တစ်ကြိမ်ထပ်တွေ့တော့မှာမဟုတ်ခြင်း

အရမ်းစိတ်ဆတ်တဲ့သူတွေ၊ စိတ်ခံစားလွယ်တဲ့သူတွေဆိုရင် နောက်တစ်ကြိမ်တောင် ထပ်တွေ့တော့မှာ မဟုတ်ပါဘူး။ ရည်းစားဟောင်းကို မမေ့နိုင်ပဲ ငါနဲ့လာ Date နေတယ်၊ အပျော်လာသတ်မှတ်နေတယ် စသဖြင့် မကောင်းတဲ့အမြင်တွေဝင်ပြီး စိတ်ဆိုးသွားတာ၊ အဆက်အသွယ်ဖျက်သွားတာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Date လုပ်နေတဲ့အချိန်မှာ ရည်းစားဟောင်းအကြောင်းကို လုံးဝမပြောသင့်ပါဘူး။