ကိုယ့်ဆန္ဒကို ရှေ့တန်းတင်ပြီး တကိုယ်ကောင်းဆန်ဖူးပါသလား။ တကိုယ်ကောင်းဆန်လွန်းတာ မကောင်းဘူးဆိုတာတော့ မှန်ပါတယ်။ ဒါပေမယ့် တခါလေမှာလည်း မိသားစုအတွက်၊ သူငယ်ချင်းအတွက်၊ ကိုယ်ချစ်ရတဲ့သူတွေအတွက် စသဖြင့် သူတပါးအတွက် တွေးပေး၊ လုပ်ပေးရင်းနဲ့ တခါတလေ ကိုယ့်အတွက်ကိုယ်တောင် ဘာမှ မလုပ်ပေးဖြစ်တာမျိုး အခြေအနေတွေရှိခဲ့ဖူးကြမှာပါ။

လူတိုင်း ဝန်မခံကြရင်တောင် တကိုယ်ကောင်းဆန်ခြင်းဆိုတာ အနည်းနဲ့ အများ ရှိကြတာတော့ ငြင်းလို့မရပါဘူး။ တခါတလေတော့လည်း ကိုယ့်အတွက်ကိုယ် ကြည့်ပြီး တကိုယ်ကောင်းဆန်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကို ပြောပြချင်ပါတယ်။

၁။သင်သဘောကျတဲ့ အရာတွေကို လုပ်နိုင်ဖို့ အချိန်ပိုရသွားမယ်

သင့်မှာလည်း ကိုယ်ပိုင်စိတ်ကူး၊ အိပ်မက်တွေရှိမှာပါ။ သင့်ကျန်းမာရေး၊ သင့်ပျော်ရွှင်မှုအတွက် အချိန်ပေးသင့်ပါတယ်။ တခါတလေ တကိုယ်ကောင်းဆန်တာဟာ သင်သဘောကျမြတ်နိုးတဲ့အရာတွေကို ပိုလုပ်ဖို့ အခွင့်အရေး ရသွားစေပါတယ်။

၂။ သင့်ပြဿနာအတွက် တခြားသူကို အပြစ်တင်မှုရပ်သွားမယ်

ဆိုလိုတာဟာ သင်ဘာလိုချင်တယ်၊ သင်ဘာဖြစ်ချင်တယ်ဆိုတာကို သင့်အနေနဲ့ သေချာသိတာကြောင့် ညီမလေးကိုငဲ့လိုက်လို့ ကျောင်းမတက်ရတော့တာ၊ အိမ်ကအဆင်မပြေတာကြောင့် အလုပ်လုပ်နေရတာဆိုတဲ့ ငါဒီလိုဖြစ်နေတာ နင်တို့ကြောင့်ဆိုပြီး တခြားသူတွေအပေါ် အပြစ်တင်နေတာမျိုး ရပ်သွားမှာဖြစ်ပါတယ်။ (ဥပမာ ကိုယ်က ဂစ်တာတီးသင်ချင်တယ်။ အိမ်က ပန်းချီဆွဲသင်ခိုင်းတယ်။ စိတ်မပါတော့ သေချာဖြစ်ဖြစ်မြောက်မြောက်မတတ်ဘူး။ နောက်ပိုင်း စိတ်ဓာတ်ကျလာတယ်။ အဲဒီလိုဖြစ်ရတာ အိမ်ကလူတွေကြောင့်လို့ အပြစ်မြင်တာမျိုး ဖြစ်လာမှာပါ။)

၃။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ကျန်းမာလာမယ်

သင့်ကိုယ်သင် ရှေ့တန်းတင်ပြီး သင့်ကျန်းမာရေးအတွက် အချိန်ပိုပေးဖြစ်လာတဲ့အခါ သင့်စိတ်ရော လူရော ကျန်းမာလာပါလိမ့်မယ်။

၄။ တခြားသူတွေရဲ့ သဘောကျ လိုက်နေရတဲ့ ဘဝမျိုးကနေ လွတ်မြောက်သွားမယ်

တခါတလေ ကိုယ့်ဆန္ဒကိုရှေ့တန်းတင် ဦးစားပေးလုပ်ပေးခြင်းဟာ တခြားတွေရဲ့ သဘောကျ လိုက်ပြီးလုပ်ဆောင်ပေးရတဲ့ ကြိုးဆွဲရာက ဘဝကနေ သင်လွတ်မြောက်သွားပြီး သင့်ကိုယ်သင် လွတ်လပ်မှု အရသာကို အပြည့်အ၀ ခံစားရမှာဖြစ်ပါတယ်။

၅။ သင့်အနေနဲ့ ဘာဖြစ်ချင်သလဲဆိုတာကို ပိုသိသွားမယ်

တခါတလေ ကိုယ့်ဆန္ဒကို ဦးစားပေးလိုက်ခြင်းအားဖြင့် သင့်ကိုယ်သင် ဘာဖြစ်ချင်သလဲဆိုတာကို ပြည့်ပြည့်၀၀ နားလည်သွားမှာဖြစ်ပါတယ်။  သင့်ကိုယ်သင် ဘာဖြစ်ချင်သလဲဆိုတာကို သိမှ သင့်အောင်မြင်တဲ့သူတစ်ယောက်ဖြစ်မှာပါ။

၆။ ယုံကြည်မှုပိုရှိလာမယ်

သင့်ကိုယ်သင် ဦးစားပေးပြီး ရှင်သန်တာ၊ သင်ယုံကြည်ရာကို သင်လုပ်တာဟာ သင့်ကိုယ်သင် ယုံကြည်မှု ပိုရှိလာစေပါတယ်။

၇။ တခြားသူတွေက သင့်ကို အားကျလာမယ်

အောင်မြင်ကျော်ကြားတဲ့သူတိုင်းက သူတို့ကိုယ်သူတို့ Selfish ဖြစ်တယ်ဆိုတာကို ဝန်ခံကြပါတယ်။ Selfish ဆိုတာ မရှိဘဲ သင့်ဆန္ဒတွေ၊ သင့်ပန်းတိုင်းတွေကို ပုံဖော်နိုင်မှာမဟုတ်ပါဘူး။ မိဘစကားနားထောင်တာဟာ ကောင်းပေမယ့်၊ ကိုယ်စိတ်ဝင်စားတာကို လုပ်ပေးပြီး ကိုယ့်ဘဝကိုယ် ပုံဖော်မှ သင်ဟာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာနိုင်မှာပါ။ ဒါပေမယ့် သင်ရွေးချယ်တဲ့လမ်းဟာ လမ်းမှန်ဖြစ်ဖို့ အရေးကြီးပြီး ဇွဲရှိဖို့ အရေးကြီးတယ်ဆိုတာ မျှဝေရင်း စာဖတ်သူတို့အားလုံး ကျန်းမာချမ်းသာကြပါစေကြောင်း တောင်းဆုပြုအပ်ပါတယ်။