တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကို မပြည့်စုံသေးဘူး လိုအပ်ချက်တွေရှိနေတဲ့သူတစ်ယောက်အဖြစ် တွေးပူပြီး စိတ်ဓါတ်ကျဖူးတဲ့အချိန်တွေ ကြုံဖူးကြမယ်ထင်ပါတယ်နော်။ ဒီလိုတွေးထင်မိတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကို တကယ်ရော မပြည့်စုံဘူးလား ဘာတွေများလိုအပ်ချက်တွေရှိနေသလဲဆိုတာကိုလည်း သိဖို့လိုအပ်ပါတယ်နော်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မပြည့်စုံတဲ့ သူတစ်ယောက်အဖြစ် မြင်နေသေးတယ် ၊ ငါမှာလိုအပ်ချက်တွေ အများကြီးရှိနေသေးတာပဲလို့ ကိုယ့်ကိုယ်ကို တွေးတောအားငယ်နေမယ့်အစား ဘာကြောင့် ဒီလိုခံစားချက်တွေဖြစ်ပေါ်နေရလဲဆိုတဲ့ အကြောင်းရင်းတွေကို ရှာဖွေကြည့်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဘယ်လိုအချက်လေးတွေက သင့်ကို မပြည့်စုံသေးဘူးဆိုတဲ့ ခံစားချက်တွေကို ခံစားစေသလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

လက်ရှိပြောင်းလဲမှုကို အသိအမှတ်မပြုနိုင်ဘူး

ဘယ်သူမှ မွေးလာကတည်းက ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိပါဘူး လူတိုင်းမှာ လိုအပ်ချက်ကိုယ်စီရှိတတ်ကြတယ်ဆိုတာ သတိရပါ။ ပြည့်စုံတဲ့သူတွေကလည်း သူတို့ရဲ့လိုအပ်ချက်များကို ဖြည်းဖြည်းချင်း ပြည့်စုံလာအောင် ကြိုးစားကြလို့ပဲဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ကိုယ်ကို မပြည့်စုံဘူးလို့ တွေးမိလာတဲ့အချိန်တိုင်း အတိတ်ကဖြစ်ခဲ့တဲ့ ကိုယ်နဲ့ လက်ရှိကိုယ့်ကိုယ် နှိုင်းယှဉ်ကြည့်လိုက်ပါ။ အတိတ်ကထက် လက်ရှိသင်ဟာ တဖြည်းဖြည်း ပြည့်စုံလာတာကို တွေ့ရမှာပါနော်။ ဒါကြောင့် အခုချိန်မှာ သင်လိုချင်တဲ့ပြည့်စုံခြင်းအတိုင်းအတာကို ရောက်ချင်းမှရောက်လိမ့်မယ် ဒါပေမယ့် အခုလက်ရှိမှာဖြစ်နေတဲ့ ကိုယ့်ရဲ့တိုးတက်ပြောင်းလဲလာတဲ့အရာတွေကိုတော့ ကိုယ်တိုင်အသိအမှတ်ပြုတတ်ဖို့ လိုပါတယ်နော်။

ကိုယ့်ကိုယ်ကို မကောင်းတဲ့အမြင်တွေနဲ့ပဲ့ ကြည့်နေမိတတ်တယ်

လူတွေဟာ တစ်ခြားသူတွေဝေဖန်တာထက် ကိုယ့်ကိုယ်ကို ဝေဖန်တာက ပိုများနေတတ်တယ်ဆိုတာ သတိထားမိပါသလား။ ဘာလို့လဲဆိုတော့ တစ်ခုခုလုပ်တော့မယ်ဆိုရင် ငါ့လုပ်နိုင်ပါ့မလား ဖြစ်နိုင်ပါမလားဆိုတဲ့ စိုးရိမ်ကြောက်ကြမှုတွေ ကိုယ့်ကိုယ်ကို အကောင်းမမြင်တတ်တဲ့စိတ်တွေ ၊သိမ်ငယ်စိတ်တွေက သင့်ကို မသိမသာလေး မပြည့်စုံတဲ့သူတစ်ယောက်ဖြစ်အောင် တွန်းပို့နေပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ဝေဖန်နေတာတွေ ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကို ပိုပြီး အကောင်းမြင်တတ်ဖို့ ကြိုးစားကြည့်သင့်ပါတယ်နော်။

တစ်ခြားသူနဲ့ယှဉ်ပြီး သိမ်ငယ်အားငယ်စိတ်တွေ မွေးထားမိတယ်

လူတစ်ယောက် မပြည့်စုံခြင်းကို ခံစားရစေတဲ့ အဓိကအကြောင်းအရင်းတစ်ခုကလည်း ကိုယ့်ကိုယ်ကို တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်နေမိတာပါပဲ။ ကိုယ့်ထက်သာတယ်ထင်တဲ့ တစ်စုံတစ်ယောက်နဲ့ အရာရာမှာ နှိုင်းယှဉ်နေမိတဲ့အခါ ကိုယ့်ဟာ သူနဲ့ယှဉ်ရင် ဘာမှမဟုတ်တော့ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေက တဖြည်းဖြည်းဝင်လာစေတတ်ပါတယ်။ သင့်မှာလည်း ကိုယ်ပိုင်တန်ဖိုးတွေ ရှိနေပြီးသားဆိုတာ သတိရလိုက်ပါ ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်နဲ့ နှိုင်းယှဉ်မှ သင့်တန်ဖိုးတက်လာတာ မဟုတ်ပါဘူးနော်။ တစ်ခြားတစ်ယောက်နဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်နေအုံးမယ်ဆိုရင် သင်အမြဲ မပြည့်စုံသေးဘူးလို့ပဲ ခံစားနေရမှာပါ။ ဒါကြောင့် ဘယ်တော့မှ တခြားသူနဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်မဝင်မိအောင် ကြိုးစားကြည့်ပါနော်။

Source: Brightside