အရွယ်ရောက်ပြီးသူတိုင်း ညအိပ်ချိန် (၈) နာရီရှိဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူတွေက ပြောဆိုထားကြပါတယ်။ ညဘက် အိပ်ရေးဝမှ နောက်နေ့နိုးလာတဲ့အချိန် အားအင်ပြည့်ဖြိုး လန်းဆန်းတက်ကြွနေမယ့်အပြင် ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်လုပ်နိုင်ဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
Photo : Freepik
ကျွမ်းကျင်သူတွေ သက်မှတ်ထားတဲ့ အသက်အရွယ်အလိုက် လူတစ်ယောက်ရဲ့ အိပ်ချိန်ကတော့ အောက်ပါအတိုင်းပါပဲ။
မွေးကင်းစ ကလေးငယ်တွေ (၁၆ – ၁၈) နာရီထိ
မူကြိုတက်ကာစ အရွယ် (၁၁ – ၁၂) နာရီထိ
မူလတန်းကလေး အရွယ် အနည်းဆုံး (၁ဝ) နာရီ
ဆယ်ကျော်သက်တွေ (၉ – ၁ဝ) နာရီ
(၁၈) နှစ်နောက်ပိုင်း (၇ – ၈) နာရီအထိ ရှိဖို့လိုအပ်ပါတယ်။
Photo : Freepik
ဒီဘက်ခေတ်လူငယ်တော်တော်များများဟာ ညအိပ်ချိန် မပြည့်ဝကြတာကို စစ်တမ်းတွေအရ သိရပါတယ်။ ဒီည အိပ်ချိန်နည်းသွားလို့ နောက်နေ့ည အိပ်ချိန် ပြန်အစားထိုးပြီး အိပ်လို့မရပါဘူး။ ကိုယ့်အသက်အရွယ်နဲ့ သတ်မှတ်ထားတဲ့ အိပ်ချိန်အတိုင်း ပြည့်ဝစွာ မအိပ်ဘဲ နောက်နေ့မှ ပိုအိပ်မယ်ဆိုရင်လည်း ဘာမှမထူးလာပါဘူး။
အိပ်ချိန်ပြည့်ဝရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ
- စားလိုက်တဲ့အစာကို ကောင်းစွာချေဖျက်ပေးနိုင်ပြီး အာဟာရဓာတ်တွေ ပိုမိုစုပ်ယူနိုင်စေတယ်။
- ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားတွေ အလွယ်တကူမဝင်လာနိုင်အောင် ကာကွယ်ပေးတယ်။
မှတ်ဉာဏ်ကောင်းစေတယ်။ - တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေပြီး အားအင်တွေ ပြည့်ဝနေမယ်။
- လေ့ကျင့်ခန်းလုပ်တဲ့အခါမှာလည်း ပိုပြီး အားစိုက်ထုတ်နိုင်တယ်။
- မောပန်းလွယ်တာ၊ အသက်ရှူမဝတာ၊ ခေါင်းမူးတာ၊ လေးလံထိုင်းမှိုင်းတာမျိုး မဖြစ်စေပါဘူး။
Photo : Freepik
လူတစ်ယောက်အတွက် သတ်မှတ်ထားတဲ့ တစ်နေ့တာအိပ်ချိန်ဆိုတာ အရမ်းကို အရေးကြီးပါတယ်။ တစ်ရက်လောက် အိပ်ရေးပျက်လို့ ဘာမှမဖြစ်ဘူးလို့ လူတွေက ယူဆတတ်ကြပေမယ့် လူ့အကျင့်က တစ်ရက်ပျက်ပြီးသွားရင် နောက်ရက်တွေပါ ဆက်တိုက်ပျက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ညတိုင်းတိကျတဲ့ အိပ်ချိန်တစ်ခုသက်မှတ်ထားဖို့ လိုအပ်ပါတယ်။ ညဘက် အိပ်ရေးဝဝ အိပ်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါတယ်။