မျက်လုံးအောက်မှာ မျက်အိတ်ကြီးရှိနေတာဟာ သင့်ကို ကြည့်လိုက်တာနဲ့ နေမကောင်းသလို ၊ ဖျားနာသလို ထင်ရစေပါတယ်။ ဒါပေမယ့် အဲဒီလို မျက်အိတ်ဘယ်ကဖြစ်ရသလဲ ဘယ်လိုကာကွယ်နိုင်သလဲဆိုတာကို သိဖို့လိုအပ်ပါတယ်။

ဘာလို့ ဖြစ်လာရသလဲ

အရင်ဆုံးသိထားရမှာက မျက်အိတ်က ဖောင်းနေတာလား ဒါမှမဟုတ် ညိုမည်းနေတာလားဆိုတာပါပဲ။ ပြီးရင်တော့ အဲဒီမျက်လုံးလေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

အမြဲလိုလိုဖြစ်နေတာလား ဒါမှမဟုတ် တခါတလေမှဖြစ်တာလား။ တခါတလေမှဖြစ်တာကတော့ စိတ်ဖိစီးမှုကြောင့်၊ ဟော်မုန်းမညီမျှတာကြောင့်၊ အိပ်ရေးပျက်တာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

အိပ်ရေးလည်းမပျက်ဘဲ မျက်လုံးအောက်မှာ မျက်အိတ် အမြဲတမ်းလိုလို ဖောင်းနေတယ်ဆိုရင်တော့ ကျောက်ကပ်လုပ်ဆောင်မှု မမှန်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆားစားသုံးမှုများတာလည်း တစ်ခုအပါအဝင်ပါပဲ။

မျက်ကွင်းအိတ် ရောင်ခြင်း

လက်ဖက်အိတ်ကို ရေနွေးနဲ့ ၅ မိနစ်လောက်စိမ်ပြီး ရေခဲသေတ္တာထဲ ၅ မိနစ်လောက် ထပ်ထည့်ထားကာ မျက်လုံးအောက်မှာ ကပ်ပေးထားပါ။

အာလူးစိမ်း (သို့) သခွားသီးကိုလည်း ပါးပါးလှီးပြီးကပ်နိုင်ပါတယ်။

ကျောက်ကပ်လုပ်ဆောင်မှု ကောင်းမွန်ဖို့ ရေများများသောက်ပါ။ ကြက်သွန်နီ၊ နံနံပင်စားပါ။

ခါးနာတတ်တယ်ဆိုရင်တော့ ညအိပ်ယာမဝင်ခင် ခါးနောက်မှာ အပူအိတ်တစ်ခုခုကို နာရီဝက်လောက် ကပ်ပေးနိုင်ပါတယ်။

မျက်ကွင်းညိုခြင်း

အမြဲတမ်းလိုလို မျက်ကွင်းညိုတာကတော့ အသည်းကြောင့်လည်းဖြစ်နိုင်သလို သည်းခြေကြောင့်လည်းဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်တာကြောင့်လည်းပါပါတယ်။

အဲဒီလိုမျက်ကွင်းညိုတာကိုတော့ မိတ်ကပ်နဲ့ ဖုံးကွယ်ထားလို့ရပေမယ့် ရေရှည်တော့အဆင်မပြေလှပါဘူးနော်။

သဘာဝနည်းလမ်း

မနက်မိုးလင်းရင် သံပုယိုသီးတစ်ခြမ်းကို ရေနွေးတစ်ခွက်တည်း ညှစ်ပြီးသောက်ပေးပါ။

ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေရှောင်ပါ။ အကင်တွေ ရှောင်ပါ။

ည ၆ နာရီမထိုးခင်ညစာစားပါ။ သကြားအစား ပျားရည် သုံးပါ။

အရက် ဆေးလိပ်ရှောင်ပါ။

ညအိပ်ယာမဝင်ခင် ရေနွေးကြမ်းသောက်ပေးပါ။

တခြားနည်းလမ်းများ

မျက်နှာသစ်ပြီး ခရင်မ်တမျိုးမျိုးမလိမ်းခင်မှာ Toner လိမ်းပေးပါ။

မျက်လုံးအောက်ကို နေလောင်ဒဏ်မှကာကွယ်ဖို့ Sunscreen လိမ်းပေးတာ၊ နေကာမျက်မှန်တပ်တာမျိုးလုပ်ပေးပါ။

မျက်လုံးအောက်ကို ဖြည်းဖြည်းလေး နှိပ်ပေးပါ။

ခေါင်းအုံးကောင်းကောင်းနဲ့အိပ်ပေးပါ။ ပက်လက်အိပ်ပါ။