မေးနှစ်ထပ်ကြောင့် မျက်နှာအလှပျက်လို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ မေးနှစ်ထပ်ထွက်တာက များသောအားဖြင့် ဝိတ်တက်ကာ မေးစေ့တစ်ဝိုက်အဆီစုလာခြင်းကြောင့် ဖြစ်တတ်သလို အသက်အရွယ်အိုမင်းပြီး အသားတွဲကျတာ၊ ခေါင်းငုံ့ပြီး အနေများတာအပြင် မျက်နှာကျဝိုင်းပြီး မေးရိုးဖွဲ့စည်းပုံကွဲပြားတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

မေးနှစ်ထပ်ဖြစ်တာ လျော့ကျဖို့အတွက် အစားလျော့စားတာ၊ အသားအရေဂရုစိုက်တာနဲ့ မျက်နှာလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့လိုပါတယ်။  ဒီတစ်ခေါက်မှာတော့ မေးနှစ်ထပ်ကို ပေ့ါပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ရင်း ဖယ်ရှားချင်တဲ့ ပျိုမေတို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းအချို့ကို မျှဝေပေးသွားမှာပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် တစ်လလောက်အတွင်း သိသာတဲ့ရလဒ်ကို ရစေမှာမို့ ဖော်ပြထားတဲ့ လေ့ကျင့်ခန်းတွေကို စမ်းလုပ်ကြည့်ဖို့ မမေ့ပါနဲ့နော်။

၁။ Ball Exercise


ပထမဆုံး ဒီလုပ်ရလွယ်တဲ့လေ့ကျင့်ခန်းလေးကတော့ တင်းနစ်စ်ဘောလုံး ဒါမှမဟုတ် ဖော့အတူအလုံးလေးတစ်ခုကို သင့်မေးစေ့နဲ့ လည်ပင်းကြားညှပ်ကာ ခပ်တင်းတင်း ဖိထားပေးရမှာဖြစ်ပါတယ်။ ၂၅ မှ ၃၀ စက္ကန့်အထိ ဖိထားပြီး ပြုလုပ်ပေးနိုင်ပါတယ်။

၂။ Lower Jaw Push

Photo Source: befitglitz.com

မျက်နှာကို ရှေ့တည့်တည့်ဆန့်ထားပြီး အောက်မေးရိုးကို မ ကာ ရှေ့တိုးနောက်ဆုတ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ ထိထိရောက်ရောက်ဖြစ်ဖို့ ဒီလေ့ကျင့်ခန်းပုံစံအတိုင်း ၁၀ ကြိမ်အထိ ပြုလုပ်ပေးပါ။

၃။ Tongue Roll

Photo Source: femina.in

သင့်ခေါင်းကိုတည့်တည့်ထားပြီး ပုံပါအတိုင်း လျှာလိပ်ကာ ရှေ့ထုတ်ထားပေးရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်မှ ၁၅ စက္ကန့်အထိ နေပေးပါ။ ပြီးရင်တော့ ခဏနားကာ အသက်၀၀ရှုပြီး နောက်တစ်ကြော့ ပြန်လုပ်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ တစ်နေ့သုံးကြိမ်လောက်ပြုလုပ်ပေးပါ။

၄။ Neck Stretch


မေးစေ့အသားတွဲကျခြင်း သက်သာပြီး မေးရိုးတင်းရင်းစေမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ လည်ပင်းဆန့်ထုတ်ကာ ခေါင်းကို မော့နိုင်သလောက် ခပ်တင်းတင်းမော့ထားပြီး မျက်နှာကျက်ကို မျက်နှာမူပေးရပါမယ်။ ခေါင်းမော့တဲ့အခါ သင့်လျှာကို အာခေါင်နဲ့ထိထားရမှာပါ။ ဒီပုံစံအတိုင်း ၁၀ စက္ကန့်လောက်မော့ပြီး အောက်ပြန်ချနိုင်ပါတယ်။

၅။ Fish Face

Photo Source: grazia.co.in

ပုံထဲကလို ပါးနှစ်ဖက်ကို ပါးစပ်အတွင်းထဲစုပ်ပြီး စက္ကန့် ၃၀ လောက်ထိန်းထားတာကလည်း ပါးဖောင်းတာနဲ့ မေးရိုးနှစ်ထပ်ဖြစ်တာတွေကို သက်သာစေမှာပါ။ တစ်နေ့မှာ ကိုယ်လုပ်နိုင်သလောက် စက္ကန့် ၃၀ စီနဲ့ လေး၊ ငါးကြော့ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

၆။ Pucker Up


လည်ပင်းဆန့်ထုတ်ပြီး မျက်နှာအပေါ်မော့ထားကာ ၅ စက္ကန့်လောက် နှုတ်ခမ်းဆူလိုက် ပြန်ချလိုက် လုပ်ပေးရမှာပါ။ ဒီပုံအတိုင်း ၅ ကြိမ်လောက်လုပ်ပေးရုံပါပဲ။ ဒီလိုလုပ်တာက မေးရိုးကို ကျုံ့လိုက် ဆန့်လိုက် Stretch လုပ်ပေးသလိုဖြစ်စေပြီး မေးသွယ်လာစေဖို့ ထောက်ပံ့ပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar