မင်္ဂလာဆောင်တယ်ဆိုတာ ဘယ်လောက်ပဲ အကျဉ်းရုံးရုံး ကထိကထ သိပ်များတဲ့ အခမ်းအနားတစ်ခုပါ။ လက်ထပ်လိုက်တာကတော့ တစ်ဘဝလုံးမှာ အလုပ်များစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ သီးချိန်တန်လို့ပဲ ဖြစ်ဖြစ် သီးချင် ပွင့်ချင်လို့ပဲဖြစ်ဖြစ် အိမ်ထောင်ပြုတော့မယ်ဆိုရင် နောင်ရေးအတွက်စိတ်အေးရအောင် ဒီမေးခွန်းလေးတွေ မေးထားသင့်ပါတယ်။

(၁) အကြွေးရှိလား

ကိုယ့်ကိုယ်ကိုလည်း မေးပါ။ အိမ်ထောင်ဖက်ကိုလည်း မေးပါ။ ကိုယ်တို့မှာ သူများကို ပေးစရာ အကြွေးရှိနေလား။ ဘယ်လောက်များလဲ။ မင်္ဂလာစရိတ် ၊ နေစရိတ် ၊ စားစရိတ် လူမှုရေး စရိတ် ဘယ်လောက်ကုန်လို့ဘယ်လိုဆပ်ကြမလဲ ။

(၂) လက်ထပ်ဖို့ငွေဘယ်လောက် သုံးမလဲ

လက်မထပ်ခင် စေ့စပ်လက်စွပ် ဝယ်မလား ၊ ခန်းဝင်ပစ္စည်းကရော ? သတို့သမီး သတို့သား ဝတ်စုံနဲ့Pre-Wedding ပုံရော ရိုက်မလား ? ခန်းမငှားတာ ၊ ကျွေးမွေးဧည့်ခံတာနဲ့လက်ထပ်အပြီး ဟန်းနီးမွန်းခရီးစဉ်အထိ ဘယ်လောက်ကုန်မလဲ။ ဘယ်လောက် သုံးဖို့လျာထားသလဲ။

(၃) ကိုယ့်ရှေ့ရေးအတွက် ငွေဘယ်လောက် သုံးကြမလဲ

အတိအကျေ ပြောလို့မရပေမယ့် လက်ထပ်ပြီးရင်လည်း တိုးတက်ရာ တိုးတက်ကြောင်း သင်တန်းတက်တာ ၊ အရင်းအနှီးတစ်ခုခု နဲ့လုပ်ငန်းလေး ထူထောင်တာအတွက် ကြိုပြီးတွက်ထားရပါမယ်။ ဒီထဲမှာကိုယ်ပိုင် အိမ်မရှိသေးရင် အိမ်ငှားဖို့၊ နောက်ဆုံးမှာ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးဝယ်နိုင်ဖို့ပါ ထည့်စဉ်းစားရမှာပါ။

(၄) လင်မယားနှစ်ယောက် ဘဏ်တစ်ကောင့်တည်း ထားမလား

အိမ်ထောင်ပြုပြီးရင် နှစ်ယောက်ပေါင်း ဘဏ်အကောင့်တစ်ခုပဲ ထားတာဟာ အိမ်တွင်း ငွေကြေးစီးဆင်းမှု သတ်သတ်မှတ်မှတ်ဖြစ်စေပြီး စည်းစနစ်လည်း ပိုကျပါတယ်။ ဒီလိုဘဏ်တစ်ကောင့်တည်းထားတာကို တစ်ချို့လည်း မကြိုက်တာတွေ ရှိပါတယ်။ တစ်ခုရှိတာက ဒီလိုဘဏ်တစ်ကောင့်တည်း ထားတာဟာ နောင်အသက်ကြီးလာချိန် အိုစာမင်းစာအတွက် ငွေစုတာအထိ ခရီးပေါက်သလို ဘဝရည်မှန်းချက်တစ်ခုခုအတွက် ပိုပြီးလည်း စုဆောင်းဖြစ်ပါတယ်။

(၅) ကလေးတွေရဲ့ အနာဂါတ်အတွက် ငွေဘယ်လိုသုံးမလဲ

သားသမီးတွေ ရလာရင် သူတို့ရဲ့ပညာရေး ၊ ကျန်းမာရေး တိုးတက်ထွန်းပေါက်ဖို့ ကိုယ့်မှာ တာဝန်ရှိလာပြီဖြစ်ပါတယ်။ သားသမီးတစ်ယောက်ကို မိဘတွေဟာ ပျမ်းမျှအားဖြင့် ၁၈ နှစ် နှစ် ၂၀ စောင့်ရှောက်ကျွေးမွေးပြုစုရမှာဖြစ်လို့ သူတို့အတွက် သေချာတဲ့ငွေကြေးအစီအမံထားရှိဖို့ မဖြစ်မနေလိုပါတယ်။ အလုပ်အကိုင်ကောင်းတုန်းမှာ ကလေးတွေရဲ့ပညာရေးနဲ့အနာဂါတ်အတွက် ငွေစုစာအုပ်လေးတစ်ခုထားတာ ၊ ရင်းနှီးမြှပ်နှံမှုလေး လုပ်တာ စသည်ဖြင့် စီစဉ်ထားသင့်ပါတယ်။