အလုပ်ခန့်မယ့်လူတွေက အင်တာဗျူးတဲ့အချိန်မှာ အလုပ်လာလျှောက်တဲ့လူတွေအနေနဲ့ အလုပ်နဲ့ကိုက်ညီမှုရှိမရှိ သိရအောင် မေးခွန်းတွေမေးလေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်လျှောက်တဲ့ လူတော်တော်များများက အင်တာဗျူးတဲ့လူတွေကို မေးခွန်းတွေပြန်မေးဖို့ မစဉ်းစားကြပါဘူး။

အင်တာဗျူးတဲ့လူတွေကို သင့်တော်တဲ့မေးခွန်းတွေ ပြန်လည်မေးမြန်းခြင်းက ကိုယ်ဟာ အလုပ်အပေါ် အမှန်တကယ်စိတ်ဝင်စားမှုရှိလို့ လာလျှောက်တာဖြစ်ကြောင်း ပြရာရောက်ပါတယ်။

ပြီးတော့ ကိုယ်လျှောက်ထားတဲ့ အလုပ်အကြောင်းကိုလည်း လေ့လာမှုတွေ လုပ်ထားကြောင်းပြသတဲ့ သဘောပါပဲ။ ဒီနေ့ အင်တာဗျူးတဲ့လူတွေကို ပြန်မေးသင့်တဲ့ မေးခွန်းလေးတွေ အကြောင်း ပြောပြပေးသွားမှာပါ။

အလုပ်လုပ်ရက်တွေအကြောင်း

ဒီမေးခွန်းက အလုပ်ခွင်နဲ့ပတ်သက်ပြီး ဘယ်လိုတွေ လည်ပတ်နေလဲဆိုတာကို သိစေနိုင်ပါတယ်။ ပြီးတော့ အလုပ်အချိန်ဇယားကိုလည်း သိရှိနိုင်ပြီး အချိန်ပိုလုပ်ရမလား ပုံမှန်ပဲ အလုပ်လုပ်ရမလား စသဖြင့်သိနိုင်ပါလိမ့်မယ်။

ပထမ (၆) လအတွင်း ဘာတွေမျှော်လင့်ထားသလဲ

ဒီမေးခွန်းကလည်း မေးသင့်တဲ့ မေးခွန်းတစ်ခုပါ။ သူတို့ရဲ့အဖြေပေါ်မှာမူတည်ပြီး အလုပ်စဝင်တဲ့ လတွေမှာ ဘာတွေပြီးမြောက်အောင်လုပ်ပေးရမလဲ ဘာတွေလုပ်ပြရမလဲဆိုတာကို သိနိုင်ပါလိမ့်မယ်။ ပြီးတော့ အလုပ်ခွင်ကနေ ဘယ်လောက်ထိသင်ယူနိုင်မလဲ၊ သင့်ကို လမ်းပြပေးမယ့်သူရောရှိမလား ဆိုတာပါ သိရှိနိုင်မှာပါ။

ဒီမေးခွန်းမေးလိုက်ပြီး သူတို့ရဲ့အဖြေကို ကြားရပြီဆိုရင် သူတို့မျှော်လင့်ထားတာနဲ့ သင်ဘက်က လုပ်ပေးနိုင်တာတွေ ကွာဟမှု ကြီးကြီးမားမားရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်ပါတယ်။

ရေရှည်အတွက် ဘာတွေမျှော်လင့်ထားသလဲ

ရေတိုအတွက် မေးပြီးသွားပြီဆိုရင် ရေရှည်အတွက်မေးခွန်းမေးဖို့ ကြိုးစားပါ။ သင့်ရဲ့ တာဝန်ယူမှုအပိုင်းနဲ့ သင့်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဟာ ကိုက်ညီမှုရှိလားဆိုတာကိုလည်း ရှင်းလင်းအောင်လုပ်ထားပါ။ အရေးကြီးဆုံးကတော့ အလုပ်အသစ်က သင့်ဘဝတိုးတက်မှုလမ်းမှာ ဘယ်လောက်ထိ အကူအညီပေးနိုင်မလဲ ဆိုတာပါပဲ။

ဒီအလုပ်ရာထူးအတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ

ဒီအချက်ကတော့ အလုပ်ခေါ်စာတွေမှာ ဖတ်ရလေ့မရှိပါဘူး။ အင်တာဗျူးတဲ့လူတွေက သူတို့ကိုယ်တိုင် ပြောပြလေ့ရှိတာပါ။ သူတို့ရဲ့အဖြေပေါ်မှာ မူတည်ပြီး စိန်ခေါ်မှုတွေအတွက် ကြိုတင်ပြင်ဆင်လို့ရပါလိမ့်မယ်။