သီးချိန်တန်ပြီလို့ ကိုယ့်ကိုယ်ကိုထင်တဲ့သူတွေဟာ ချစ်သူနဲ့ ရွှေလက်တွဲဖို့အတွက် ပြင်ဆင်နေလောက်ပါပြီ။ ဒီအချိန်ကိုယ့်ရဲ့ အတွေးထဲမှာ ကိုယ့်အိမ်ထောင်ဘက်လောင်းဟာ ပြီးပြည့်စုံဆုံးနဲ့ သူကပဲ ကိုယ့်ဘဝရဲ့ အရာရာလို့ ထင်ကောင်းလည်း ထင်နေမှာပါ။ ဒါပေမယ့် အိမ်ထောင်ပြုတယ်ဆိုတာ လွယ်လွယ်လေး ဆုံးဖြတ်လို့ကောင်းတာ မဟုတ်ပါဘူး။ အိမ်ထောင်ပြုပြီးမှ မှားတယ်လို့ မခံစားရစေဖို့ မင်္ဂလာကိစ္စအတွက် အရမ်းကြီး စိတ်အားထက်သန်နေတယ်ဆိုရင်တောင် အခုပြောမယ့် မေးခွန်းလေးတွေ ကိုယ့်ဘာသာ အရင်ဆုံးမေးပြီးမှ အိမ်ထောင်ပြုဖို့ စဉ်းစားသင့်ပါတယ်။

(၁) သူလည်း ပြီးပြည့်စုံသူမဟုတ်တာ သိပါလား

ပထမဆုံး မေးခွန်းက လူတိုင်းဟာ Perfect မဖြစ်နိုင်သလို သူကလည်း ကိုယ့်ရဲ့ပြီးပြည့်စုံတဲ့ ပါရမီဖြည့်ဖက်လို့ ထင်နေပါသလား။ အများကြီး မျှော်လင့်ပြီး အိမ်ထောင်ပြုမိတာဟာ အမှောင်ထဲက ၆ လက်မလောက် နက်တယ်ထင်ပေမယ့် တကယ်တမ်း ၁ ပေလောက် နက်တဲ့ ချောက်ထဲနင်းမိသလိုပဲ။ ဟာခနဲ ဖြစ်သွားချိန်မှာ ခါးနာ ၊ ဒူးနာ ဖြစ်သွားနိုင်ပါတယ်။

တကယ်က ချောက်ရဲ့ အပြစ်မဟုတ်ပါဘူး။ သူ့ရဲ့ အနက်က ပြောင်းလဲသွားလို့မဟုတ်ဘဲ ကိုယ့်ရဲ့ အမြင်က အနိမ့်အမြင့်မှားသွားလို့ဖြစ်မှာပါ။ ကိုယ့်အိမ်ထောင်ဘက်ကို သေချာစိစစ်ပါ။ လက်ထပ်ပြီးရင်လည်း တန်ဖိုးထားပါ။ ကိုယ်ကိုယ်တိုင်ဟာလည်း မပြီးပြည့်စုံသူတွေဖြစ်လို့ ကိုယ်ချစ်ရသူရဲ့ အားနည်းချက်ကို နားလည်ဖေးမ ပြုပြင်ပေးဖို့ ကြိုးစားသင့်ပါတယ်။

(၂) ဝင်ငွေကိုယ်စီ ရှိပြီလား

အိမ်ထောင်ရေးဆိုတာ လင်နဲ့မယားအကြား ဘဝနှစ်ခု ဖလှယ်လိုက်တာပါ။ ဒီလိုပဲ ပျော်စရာတွေနဲ့ ဝမ်းနည်းစရာတွေကို တလှည့်စီ ကြုံရသလို ငွေကြေးကလည်း နှစ်ဦးပိုင် ပစ္စည်းဖြစ်လာပါပြီ။ များသောအားဖြင့် လင်မယားတွေ အိမ်ထောင်ရေးမသာယာတဲ့ အဓိက အကြောင်းရင်းတစ်ခုက ငွေပါ။

(၃) အပြန်အလှန် စိတ်ချယုံကြည်စိတ်ရှိပြီလား

ဆယ်စုနှစ်ပေါင်းများစွာ အတူတစ်အိပ်ရာထဲ အိပ်စက်ရမယ့် သူ့ကို တကယ်ယုံသလားဆိုတာလည်း အရေးပါတဲ့မေးခွန်းပါပဲ။ ဘယ်လိုအခြေအနေမျိုးမဆို ကိုယ့်အိမ်ထောင်ဘက်ကို ယုံကြည်ဖို့နဲ့ကိုယ့်ဘက်ကနေ သစ္စာထားဖို့ဟာ အိမ်ထောင်ရေး ပျော်ရွှင်မှူရဲ့ သော့ချက်တစ်ခု ဖြစ်ပါတယ်။

(၄) တကယ်ပျော်နိုင်မလား

ပျော်မယ်ထင်လို့ အိမ်ထောင်ပြုတယ်ဆိုရင် မှားပါလိမ့်မယ်။ တစ်ခါတစ်လေမှာ အိမ်ထောင်ပြုတာကို အပျော်ခရီးထွက်တာနဲ့ ရောတွေးမိလို့ဘဝတစ်လျှောက်လုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ပြုလိုက်လို့ ကိုယ့်ဘဝရဲ့ ပြဿနာတွေ ပြေလည်သွားမယ်ထင်ရင် ဒါဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်လောင်းပေါ် သစ္စာမတည်ရာ ရောက်သလို ကိုယ့်ကိုယ်ကို ပြဿနာတွေကနေ ရှောင်ပြေးချင်တဲ့ သရဲဘောကြောင်သူ ဖြစ်စေတတ်ပါတယ်။ ဒီလိုလူတွေဟာ သူတို့ထင်တဲ့အတိုင်း ပျော်စရာ အိမ်ထောင်ရေး ဖြစ်မလာတဲ့အခါမှာ ဘဝပျက်တဲ့အထိ ဖြစ်တတ်ပါတယ်။