လခစားအလုပ်တစ်ခုရဖို့ လူတွေ့အင်တာဗျူးတွေ ဖြေဆိုရပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်တော့မယ်ဆိုရင် ပိုလို့တောင် မေးခွန်းတွေ ဖြေရပါလိမ့်မယ်။ ဒီတစ်ခါ ဖြေရမယ့် မေးခွန်းတွေက ကိုယ်ကိုယ်တိုင်မေး ၊ ကိုယ်ကိုယ်တိုင်ဖြေ မေးခွန်းတွေ ဖြစ်ပါတယ်။ ဘယ်လို မေးခွန်းတွေဖြစ်မလဲ။

(၁) ဘယ်လိုလုပ်ငန်းစီးပွားရေးမျိုး စိတ်ဝင်စားသလဲ

စီးပွားရေးလုပ်ငန်းဆိုတာ အမျိုးအစားအများကြီး ရှိပါတယ်။ ပစ္စည်းရောင်းချင်တာလား ၊ ဝန်ဆောင်မှုပေးချင်တာလား။ ဝန်ဆောင်မှုပေးချင်တယ်ဆိုရင်လည်း ဘယ်လိုဝန်ဆောင်မှုမျိုးလဲ။ ကိုယ်လုပ်ချင်တဲ့ စီးပွားရေးကရော ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးလဲ။ အရင်ဆုံး ဒီမေးခွန်းမျိုး မေးရမှာပါ။

(၂) လုပ်ငန်းလည်ပတ်ဝင်ငွေမှန်တဲ့အထိ ကိုယ့်မှာ ငွေအင်အားရှိသလား

လုပ်ငန်းတစ်ခု ပုံမှန်လည်ပတ်နိုင်တဲ့အထိ တောင့်ခံထားနိုင်တဲ့ ငွေပင်ငွေရင်းရှိဖို့ အရေးကြီးပါတယ်။ ငွေပေါ်လောက်တဲ့အချိန်အထိ ကိုယ့်အရင်းအနှီးတွေက လုပ်ငန်းထဲ မြှပ်နှံထားရမှာ ဖြစ်လို့ ကနဦးကတည်းက မှန်းခြေ ရင်းနှီးမြှပ်နှံမှုစရိတ်ကို တွက်ချက်ထားသင့်ပါတယ်။

ဒီကြားထဲ ဝန်ထမ်းခန့်အပ်ရမှာ ဖြစ်လို့ ဝန်ထမ်းစရိတ်တွေနဲ့ တခြားရုံးစရိတ်ကုန်ကျငွေကိုပါ ထည့်တွက်ရမှာပါ။

(၃) ဘယ်နေရာမှာ လုပ်ငန်းစမလဲ

နေရာကလည်း လုပ်ငန်းတစ်ခုကြီးပွားဖို့ အထောက်အပံ့ဖြစ်ပါတယ်။ စီးပွားရေးလုပ်မယ်ဆိုရင် နေရာအရွေးမှန်ဖို့ လိုပါတယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းအမျိုးအစား ၊ ပေးမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုပေါ် လိုက်ပြီး နေရာရွေးချယ်ရမှာပါ။

(၄) စွန့်စားရဲတဲ့စိတ်ရှိလား

စီးပွားရေးလုပ်တယ်ဆိုတာ မနက် ၉/ညနေ ၅ နာရီ ရုံးတက်ရုံးဆင်းအလုပ်မျိုး မဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းဆိုတာ စွန့်စားခန်းဖွင့်တာနဲ့ တူနိုင်ပါတယ်။ လုပ်ငန်းတစ်ခု လုပ်ရင်းနဲ့ တွေ့လာရမယ့် အခက်အခဲတွေဆိုတာ ရုံးမှာလို သူ့အပိုင်း ကိုယ့်အပိုင်းခွဲပြီး ဖြေရှင်းရတာမျိုး မဟုတ်ပါဘူး။

နောက်ပြီး ဆုံးဖြတ်ချက်ချခြင်းနဲ့ လူတွေကို စီမံခန့်ခွဲရခြင်းကလည်း ကိုယ့်ခေါင်းကို ခပ်ပြင်းပြင်း လေ့ကျင့်ခန်းဆင်းခိုင်းတာနဲ့ တူနိုင်ပါတယ်။