အိမ်ထောင်ရေးဆိုတာက တကယ်တော့ အရမ်းကိုရှုပ်ထွေးနက်နဲလွန်းပါတယ်။ Relationship တစ်ခုရဲ့ အဆုံးသတ်ပန်းတိုင်ကလည်း လက်ထပ်ခြင်းမဟုတ်ပါဘူး။ လက်ထပ်တယ်ဆိုတာက ဘဝမှာအရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုချရတဲ့ အချိန်ဖြစ်ပြီး လက်ထပ်ပြီးမှသာ တကယ့်လက်တွေ့ဘဝက စတင်တာဖြစ်ပါတယ်။

ဒါကြောင့် ဆုံးဖြတ်ချက်မှားယွင်းပြီး အချိန်လွန်မှ နောင်တရတာမျိုးမဖြစ်ရလေအောင် လက်ထပ်ဖို့မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကိုပြန်မေးသင့်တဲ့ မေးခွန်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) အိမ်ထောင်သည်ဘဝကို အဆင်သင့်ဖြစ်ပြီလား

လွတ်လပ်တဲ့ အပျိုလူပျိုဘဝကို တကယ်ရော စွန့်လွှတ်နိုင်ပြီလားဆိုတာ ကိုယ့်ကိုယ့်ကို ပြန်သုံးသပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် တော်တော်များများက လက်ထပ်ပြီးမှ အပျိုလူပျိုဘဝကို ပြန်လိုချင်တာမျိုးတွေ ၊ လူငယ်ဘဝကို ကောင်းကောင်း မဖြတ်သန်းလိုက်ရတာမျိုးတွေ စတဲ့ ခံစားချက်တွေနဲ့ နောင်တရတတ်ကြပါတယ်။

ထိုအခါ သင့်ရဲ့ အိမ်ထောင်ရေးက ပျော်ရွှင်ရမှာမဟုတ်သလို သင့် အိမ်ထောင်ဖက်အပေါ်မှာလည်း ဝမ်းနည်းစရာခံစားချက်တွေ ဖြစ်သွားပါလိမ့်မယ်။

(၂) နှစ်ဘက်မိဘနဲ့ပြေလည်တဲ့ ဆက်ဆံရေးရှိရဲ့လား

ယောက္ခမနဲ့ ချွေးမပြဿနာတွေ ၊ ယောက္ခထီးနဲ့ သမက်ပြဿနာတွေက ကိုရီးယားဇာတ်ကားထဲမှာပဲ ရှိတာမဟုတ်ပါဘူး။ တကယ်လက်တွေ့ဘဝမှာလည်း ရုပ်ရှင်ထဲကထက်ပိုဆိုးတဲ့ အခြေအနေတွေအများကြီး ရှိကြပါတယ်။

တစ်ဖက်က ကိုယ့်ရဲ့မိဘ ၊ တစ်ဖက်က ကိုယ်ချစ်လို့ ယူထားတဲ့သူ ဒီနှစ်ဦးကြား Balance ညီညီနေနိုင်မှ အဆင်ပြေမှာပါ။ ဒီလိုမှမဟုတ်ရင်တော့ တစ်သက်လုံး စိတ်ဆင်းရဲစရာ အခြေအနေတွေနဲ့ပဲ ရင်ဆိုင်ရနိုင်ပါတယ်။

(၃) ငွေကြေးဆိုင်ရာ အာမခံချက်ရှိရဲ့လား

“တူနှစ်ကိုယ် တဲအိုပျက်ကလေးထဲမှာ ထမင်းရည်ပဲသောက်ရ သောက်ရ” ဆိုတဲ့ စကားပုံလေးကို ကြားဖူးမယ်ထင်ပါတယ်။ အချစ်တွေ မိုးမမြင်လေမမြင် ဖြစ်နေချိန်မှာတော့ ဒီစကားပုံလေးက နားထောင်လို့ကောင်းပေမယ့် အိမ်ထောင်သက်တမ်းကြာလာပြီး ငွေရေးကြေးရေးအကျပ်အတည်းနဲ့ ရင်ဆိုင်လာရချိန်မှာတော့ အချစ်ရဲ့ စကားပုံတွေကလည်း အသုံးဝင်တော့မှာမဟုတ်ပါဘူး။

အချိန်တိုင်းလည်း မိဘဆီက လက်ဖြန့်တောင်းနေလို့ ရတော့မှာမဟုတ်တဲ့အတွက် ကိုယ်တို့နှစ်ယောက်အတူတူ ရပ်တည်နိုင်မယ့် ပုံမှန်ဝင်ငွေရတဲ့ အလုပ်တစ်ခု ၊ လောက်ငှတဲ့ ဝင်ငွေစီးကြောင်း တစ်ခုရှိရဲ့လားဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

(၄) တစ်ယောက်အကြောင်း တစ်ယောက်သိပြီလား

အသုံးအဆောင်ပစ္စည်းတွေလို ဝယ်ပြီးမှ လွှင့်ပစ်လို့မရသလို အလိုက်ပေးပြီး လဲလို့လည်းမရတော့ပါဘူး။ ဒါကြောင့် လက်မထပ်ခင်ကတည်းက တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိနေဖို့က အရမ်းအရေးကြီးပါတယ်။

ယနေ့ခေတ် လူငယ်အများစုက အခုတွေ့ အခုကြိုက် ၊ အချိန်တိုလေးအတွင်းမှာပဲ လက်ထပ်လိုက်နဲ့ နောက်မှ ကိုယ်လက်မခံနိုင်တဲ့ အကြောင်းတွေသိပြီး ကွဲကြပြဲကြစတဲ့ အခြေအနေတွေ အများကြီးဖြစ်ပေါ်နေတာကြောင့် အရင်ဆုံးတစ်ယောက်အကြောင်း တစ်ယောက်ကောင်းကောင်းသိဖို့ လေ့လာသင့်ပါတယ်။

(၅) သူနဲ့ တစ်သက်လုံး အတူတူနေနိုင်ပြီလား

မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်တာနဲ့ သူ့ကိုမြင်ချင်တယ်ဆိုတာ သေချာရဲ့လား။ သူနဲ့ အချိန်တိုင်းအတူတူရှိနေရတာက အဓိပ္ပါယ်ရှိတဲ့ နေ့စွဲလေးတွေလို့ သတ်မှတ်နိုင်ပြီလား။

သူ့ကို တကယ်ရော အိမ်ထောင်ဖက်တစ်ယောက်အနေနဲ့ ရွေးချယ်ပြီး တစ်သက်လုံးချစ်သွားဖို့ ခွန်အားတွေရှိနေပြီလား စသည့်ဖြင့် ကိုယ့်ကိုယ်ကို ပြန်မေးသင့်ပါတယ်။

ဒီလိုမဟုတ်ပဲ မရေမရာ မသေမချာနဲ့ လက်ထပ်လိုက်မယ်ဆိုရင် အိမ်ထောင်သက်တမ်းကြာလာတာနဲ့အမျှ တစ်အိမ်ထဲမှာတောင် မျက်နှာချင်းမဆိုင်ချင်တဲ့သူတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်ကိုယ့်ရဲ့ အချိန်ဇယားမှာ သူကအချိန်တိုင်း အတူတူရှိနေနိုင်ပြီလားဆိုတာ သေချာအောင်ပြန်မေးသင့်ပါတယ်။