အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဆိုတာ ငွေကြေးအရင်းအနှီးတွေ၊ အချိန်တွေကို ရင်းနှီးမြှုပ်နှံထားရတဲ့အပြင် အခက်အခဲ အဟန့်အတားတွေ စီးပွားရေးပြိုင်ဘက်တွေ စတဲ့ လှေကားထစ်ပေါင်း များစွာကိုလည်း ရင်ဆိုင်ကျော်လွှားရမှာပဲဖြစ်ပါတယ်။

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းတွေကို ပိုင်ဆိုင်ထားရမလဲ။

စည်းစနစ်ကျပါစေ

အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်က ဘယ်အလုပ်ကိုမဆို စည်းစနစ်တကျ အစီအစဉ်ဆွဲပြီး လုပ်ဆောင်တတ်ကြပါတယ်။ နေ့တစ်နေ့အစပြုတဲ့အခါ ဒီနေ့မှာ ပြုလုပ်ရမယ့်အရာတွေကို ရေးမှတ်ထားပါ။ တစ်ခုပြုလုပ်ပြီးတိုင်း ကိုယ့်အမှတ်အသားနဲ့ကိုယ် မှတ်သားထားပါ။ ဒါဆိုရင် ကိုယ်ပြုလုပ်ရမယ့်အရာတွေကို မေ့လျော့သွားမှာမဟုတ်တော့ပါဘူး။

အသေးအဖွဲလေးကအစ မှတ်တမ်းတင်ထားပါ

ဒီနေ့မှာ ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲ။ ဘယ်အစည်းအဝေးတက်ရောက်ခဲ့သလဲ။ အစည်းအဝေးမှာ ဘာတွေဆွေးနွေးခဲ့သလဲ။ လုပ်ငန်းလည်ပတ်ဖို့အတွက် အသုံးစရိတ်ဘယ်လောက်ထွက်သွားသလဲ စတဲ့အကြောင်းအရာများကို တစ်ခုမကျန်ရေးမှတ်ထားပါ။ ဒါမှ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာဖွေတွေ့ရှိမှာပဲဖြစ်ပါတယ်။

ကိုယ့်ရဲ့ပြိုင်ဘက်တွေဆီမှ လေ့လာသင်ယူပါ

ကိုယ့်ရဲ့စီးပွားရေး ပြိုင်ဘက်တွေဆီမှ နည်းဗျူဟာများကို လေ့လာအကဲခတ်ပါ။ လေ့လာပြီးတဲ့အခါ မိမိလုပ်ငန်းအတွက် အသုံးဝင်မယ်ထင်ရင် ပြန်လည်အသုံးချပါ။

ပြိုင်ဘက်တွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်အကဲခတ်ဖို့ လိုအပ်ပါလိမ့်မယ်။ စီးပွားရေးလုပ်ငန်းလုပ်တဲ့အခါ ကိုယ့်အရည်အချင်းကို သိထားရုံနဲ့ တခြားသူတွေရဲ့အရည်အချင်းကို လျစ်လျူရှုထားလို့ရမှာ မဟုတ်ပါဘူး။ လိုအပ်ပါကလည်း မိတ်ဖွဲ့ဖို့ ဝန်မလေးပါနဲ့။

တီထွင်နိုင်စွမ်းအား မြင့်မားရမယ်

ယနေ့ခေတ်မှာ လူတိုင်းက အသစ်အဆန်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ Customers က ဘယ်လိုအသစ်အဆန်းတွေကို ကြိုက်နှစ်သက်သလဲဆိုတာ အမြဲတမ်းလေ့လာရပါမယ်။ ပြီးရင် အကြံသစ် ဉာဏ်သစ်တွေကိုလည်း အမြဲတမ်းစဉ်းစားနေရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့်လုပ်ငန်းကို Customers တွေက ရွေးချယ်မှာဖြစ်ပါတယ်။

ဇွဲ၊ လုံ့လ၊ ဝီရီယ နေ့တိုင်းစိုက်ထုတ်ပါ

ဒီနေ့ စီးပွားရေးစလုပ်၊ မနက်ဖြန် ချက်ချင်းအောင်မြင်မှာမဟုတ်ပါဘူး။ သန်းကြွယ်တရုတ်သူဌေးတစ်ဦးဖြစ်တဲ့ Jack Ma ဆိုရင် သူ့လုပ်ငန်း စတင်တည်ထောင်ချိန်ကနေ အောင်မြင်မှုအထွတ်အထိပ်ရောက်ရှိဖို့ လေးနှစ်တိုင်တိုင် စောင့်စားခဲ့ရတာပါ။

စာဖတ်သူလည်း အောင်မြင်မှုကို လိုလားတယ်ဆိုရင်တော့ နေ့တိုင်းကြိုးစားအားထုတ်ရပါမယ်။ လမ်းတစ်ဝက်မှာ စိတ်ပျက်အားလျော့သွားပြီး လက်လျော့လိုက်မယ်ဆိုရင်တော့ အောင်မြင်မှုနဲ့အလှမ်းဝေးသွားပါလိမ့်မယ်။