လူအများရဲ့ ချစ်ခင်နှစ်သက်မှုကို ပိုင်ဆိုင်ထားခြင်းဟာ ကံကောင်းတယ်လို့ ဆိုနိုင်တဲ့ အချက်ပါ။ လူချစ်လူခင်များခြင်းဟာ လူမှုရေးကိစ္စမှာတင် အကူအညီရတာ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ ဘဝတက်လမ်းအတွက်ပါ ကူညီ မစ နိုင်မယ့် မိတ်ဆွေတွေပါ ရနိုင်လို့ ဘဝနဲ့ချီပြီး အရေးပါတဲ့အရာလို့ ပြောနိုင်ပါတယ်။

တကယ်တော့ လူချစ်လူခင်များတဲ့သူ ဖြစ်ဖို့ဆိုတာ ကိုယ်ကိုယ်တိုင်က ချစ်စရာခင်စရာ အရည်အချင်းလေးတွေ ရှိမှ ဖြစ်ပါလိမ့်မယ်။ ဒီလို အရည်အချင်းတွေထဲမှာ အခုပြောမယ့် အရည်အချင်း ၄ မျိုးကတော့ အရေးကြီးဆုံးစာရင်းမှာ ထည့်သွင်းထားဖို့ လိုမှာပါ။

(၁) ရိုးဖြောင့်ပါ

Photo : 24 Seven Talent

ရိုးသားဖြောင့်မတ်ရင် သင့်ကို လူတွေ ယုံကြည်လာပါလိမ့်မယ်။ ဘယ်သူမဆို ဖျံကျပြီး မယုံရတဲ့သူမျိုးကို တကယ်စိတ်ရင်းနဲ့ ခင်နိုင်ဖို့ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ စိတ်ရင်းကောင်းပြီး ရိုးသားတဲ့သူ ဖြစ်အောင်သာ နေ့တိုင်းကြိုးစားပါ။ ဒါဆိုရင် သင့်ကို ခင်မင်လိုသူတွေ ပေါလာပါလိမ့်မယ်။

(၂) ကူညီတတ်ပါစေ

Photo : Adobe Stock

သူတစ်ပါးကို ကူညီတတ်သူတွေဟာ တစ်ကိုယ်ကောင်းစိတ် နည်းတဲ့သူတွေ ဖြစ်ပါတယ်။ အများကို ကူညီဖို့ စိတ်အားထက်သန်သူကို လူတိုင်း ချစ်ခင်ကြည်ဖြူကြပါတယ်။ ဒါကြောင့်ပဲ လူတွေရဲ့ အကျိုးဆောင်ပေးတဲ့ ပရဟိတသမားတွေကို ချီးကျူးလေးစားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လူချစ်လူခင်များဖို့အတွက် အားကိုးရလောက်တဲ့သူ ဖြစ်အောင် တတ်စွမ်းသမျှကူညီဖေးမသင့်ပါတယ်။

(၃) ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပါ

Photo : Forbes

စိတ်ချမ်းသာစရာကောင်းတဲ့ မိတ်ဆွေဆိုတာ ပိုက်ဆံချေးလို့ မဟုတ်ပါဘူး။ သူနဲ့ ဆက်ဆံသူတွေကို အလေးထားပြီး ဂရုစိုက်တတ်လို့ပါ။ ဟာသအမြင်နဲ့ ရွှင်လန်းသူ ၊ စကားကို ချိုသာပြေပြစ်စွာ ပြောဆိုတတ်သူ ၊ မိတ်ဆွေတွေကို လေးစားသမှု ရှိရှိနဲ့ ဆက်ဆံတတ်သူတွေကို ဘယ်သူမဆို နှစ်လိုကြပါတယ်။ တကယ်တော့ လူမှုဆက်ဆံရေးကောင်းသူတွေဟာ ဘဝခရီးမှာ ပိုပြီး အဆင်ပြေပြေ လျှောက်လှမ်းနိုင်မယ့် ပညာတတ်ထားသူတွေလို့တောင် ဆိုနိုင်ပါတယ်။

(၄) ကတိတည်ပါ

Photo : Inspiringwomen

စကားတည်တဲ့သူကို လူတိုင်း လေးစားယုံကြည်ကြပါတယ်။ ခင်မင်စရာကောင်းပေမယ့် ပေးထားတဲ့ ကတိကို လွယ်လွယ်နဲ့ ဖျက်တတ်တဲ့ သူမျိုးဆို ရေရှည်မှာ အများရဲ့ နှာခေါင်းရှုံ့ခြင်းကို ခံရနိုင်ပါတယ်။ ကတိတည်ခြင်းဟာ ယောင်္ကျားကောင်းတစ်ယောက်ရဲ့ အရည်အချင်းလည်း ဖြစ်သလို စိတ်ဓါတ်တည်ကြည်ဖြောင့်မတ်သူတို့ရဲ့ အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။