ဒီနေ့မှာတော့ MyStyle Myanmarက ချစ်သူစုံတွဲလေးတွေအတွက် ချစ်သူအဖြစ်ရှိနေတဲ့အချိန်မှာရော ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုက်တဲ့အချိန်မှာပါ တကယ့်ကိုယုံကြည်နားလည်မှုအပြည့်နဲ့ ပျော်ရွှင်စေမယ့် အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။ ဒီကမ္ဘာလောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် ကိုယ်က အချစ်မှာနစ်မြောသွားပြီဆိုရင်တော့ ကိုယ့်ရဲ့လက်တွဲဖော်ဟာ တကယ့်ကိုအပြစ်ပြောစရာမရှိအောင် ပြီးပြည့်စုံနေတတ်တယ်လို့ ထင်မှတ်တတ်ကြပါတယ်။ သို့သော် အချိန်ကြာလာတဲ့အခါမှာ လက်တွဲဖော်အဖြစ် ကိုယ့်ရဲ့ရွေးချယ်မှုဟာ မှန်မှမှန်ရဲ့လားဆိုပြီး တဖြည်းဖြည်းသံသယဝင်လာတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်ရတဲ့ချစ်သူမိန်းကလေးအတွက် အဖက်ဖက်မှာပြီးပြည့်စုံတဲ့ ချစ်သူလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်စေဖို့ ရှိသင့်ရှိထိုက်တဲ့အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ ဘယ်လိုအချက်လေးတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

ဘယ်လိုအခက်အခဲကိုမှ မကြောက်ရွံ့ဘဲ ပြဿနာတိုင်းကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း

ယောကျာ်းစစ်၊ ယောကျာ်းမှန်တစ်ယောက်ဟာ သကာရည်လောင်းထားတဲ့ စကားလေးတွေကို ပြောနိုင်ရုံသာမကပဲ လက်တွေ့လည်း ပြနိုင်ရပါမယ်။ ခက်ခဲတဲ့အခြေအနေတွေကြုံလာပြီဆိုရင် သင်မှီခိုဖို့အတွက် ပုခုံးတစ်ဖက် အမြဲတမ်းအဆင်သင့်ရှိနေမှာပါ။

ကိုယ့်ဘာသာပြင်ဆင်ချက်ပြုတ်နိုင်ခြင်း

ယနေ့ခေတ်မိန်းကလေးတွေအတွက် ဘယ်လိုချက်ပြုတ်ရလဲဆိုတာကိုသိပြီး ဟင်းချက်တတ်တဲ့ယောကျာ်းတစ်ယောက်က တကယ့်ကိုဆွဲဆောင်မှုရှိတယ်လို့ တွေးတောလာကြပါတယ်။ ထူးထူးခြားခြားလုပ်စရာမလိုဘဲ သစ်သီးလေးတွေကို အခွံခွာ၊ လှီးပြီး ပန်းကန်ထဲသေချာထည့်ပေးရုံနဲ့ မိန်းကလေးတွေက အရည်ပျော်ကြနေပါပြီနော်။

အမှားကြီးကျူးလွန်မိရင်တောင် သွန်သင်ဖေးမပေးခြင်း

လောကမှာ အမှားမလုပ်မိတဲ့လူဆိုတာမရှိလို့ အမှားကျူးလွန်မိတဲ့အခါမှာလည်း ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ရဲ့ဖက်ကနေပြီး အမှားအမှန်ကိုခွဲခြားပြပြီး အမြဲတမ်းရပ်တည်ပေးနေပါတယ်။ ကိုယ့်ကိုအပြစ်တင်မယ့်အစား နောက်အမှားမကျူးလွန်မိဖို့ သေချာသွန်သင်ပြပြီး ဘေးမှာဖေးကူအားပေးတတ်တဲ့သူမျိုးပါ။

အသေးအမွှားလေးကအစ ဂရုတစိုက်ရှိခြင်း

ကိုယ့်ဘဝထဲက အရာရာတိုင်းကို သို့မဟုတ် စတွေ့ချိန်မှာ ဘာဝတ်ထားလဲဆိုတာကို မှတ်မိရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်အတွက်အရေးကြီးတဲ့အရာတွေကို မှတ်သားထားခြင်းပါ။ ဥပမာအနေနဲ့ ကော်ဖီဖျော်တဲ့အခါ သကြားဘယ်လောက်ထည့်လဲ၊ အကြိုက်ဆုံးသီချင်းက ဘာလဲဆိုတာမျိုးတွေပါ။

ဉာဏ်ကောင်းတာမဟုတ်ဘဲ ထက်မြက်ခြင်း

အခြားသူတစ်ဦးနဲ့ပြဿနာဖြစ်ချိန်မှာ ဘေးကနေပြီး အကြံဉာဏ်ကောင်းပေးနိုင်မယ့်သူ အနားမှာရှိနေရင်တော့ ထိုမိန်းကလေးဟာ အလွန်ကံထူးသူတစ်ဦးပါ။

ပျော်ရွှင်အောင်လုပ်ပေးနိုင်ခြင်း

ကိုယ့်စိတ်သာယာမှုမရှိချိန်မှာ ဘေးမှာနေပြီး ဟာသပြောပေးခြင်း၊ အားပေးခြင်း သို့မဟုတ် စိတ်ပျော်ရွှင်စေမယ့် အခြားအရာလေးများကို လုပ်ဆောင်ပေးဖို့အတွက် အမြဲရှိနေသူပါ။

ဆွေးနွေးညှိနှိုင်းနိုင်စွမ်းရှိခြင်း

ပြီးပြည့်စုံတဲ့ယောကျာ်းတစ်ဦးဟာ အခြားသူများနဲ့ ရောရောထွေထွေ ပေါင်းသင်းဆက်ဆံတတ်ပါတယ်။ ကိုယ့်နားမှာရှိနေတဲ့ ပြဿနာအိုးတွေကိုတောင် သေချာကိုင်တွယ်နိုင်သူပါ။

အပြင်သွားရပြီဆိုရင်တောင် ကိုယ့်ရဲ့ပြဿနာတွေကို ချက်ချင်းမေ့မသွားခြင်း

အမျိုးသားများဟာ ကိစ္စတစ်ခုထက်ပိုပြီး အာရုံစူးစိုက်ဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုအမှန်တကယ်ချစ်သူတစ်ယောက်ကတော့ ကိုယ့်ရဲ့ ပြဿာနာတွေက သူ့အတွက် ထိပ်ဆုံးကဖြစ်ပါတယ်။

ကိုယ့်ရဲ့ထင်မြင်ချက်တွေက သူ့အတွက်အရေးပါခြင်း

ခင်ပွန်းနဲ့ဇနီးသည်နှစ်ဦးရဲ့ ဆက်ဆံရေးကြားမှာ အတူတူပေါင်းသင်းနေထိုင်ခြင်းသာမကပဲ တစ်ဦးနဲ့တစ်ဦးအတွက် သူငယ်ချင်း၊ အကြံပေးသူတွေ ဖြစ်သင့်ပါတယ်။ ဆုံးဖြတ်ချက်တွေကို အတူတူပြုလုပ်ခြင်းက ပျော်ရွှင်တဲ့အိမ်ထောင်ရေးရဲ့ အဓိကအချက်တစ်ခုပါ။

အိမ်အလုပ်တွေကို ဝိုင်းဝန်းကူညီပေးခြင်း

ကိုယ့်ရဲ့လက်တွဲဖော်ဟာ ကိုယ့်ကိုတကယ်ချစ်တယ်ဆိုရင် သူ့ရဲ့သီးသန့်အကူတစ်ယောက်လို့ ကိုယ့်ကိုကိုယ်ထင်ရအောင် ဘယ်တော့မှမလုပ်ပါဘူး။ အလုပ်လုပ်ရတာပင်ပန်းမယ်ဆိုတာကို သိနားလည်လို့ အကူအညီတောင်းလိုက်ပြီဆိုရင် အမြဲအဆင်သင့်ရှိနေသူပါ။ ဒါ့အပြင် နှစ်ဦးအတူတူအိမ်အလုပ်လုပ်ကြခြင်းက အလုပ်လည်းမြန်မြန်ပြီးကာ နှစ်ဦးသားကိုလည်း အတူတူအချိန်ကုန်စေပါတယ်။

လူတိုင်းတွင်တော့ ပြီးပြည့်စုံတဲ့ Relationship တစ်ခုနဲ့ပတ်သက်ပြီး ကိုယ်ပိုင်ထင်မြင်ချက်တွေရှိကြပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကိုသာ အမြဲရှေ့တန်းတင်တတ်သူ၊ ကိုယ်က အရာရာတိုင်းရဲ့ ထိပ်ဆုံးမှာထားနိုင်သူကို ရှာဖွေခြင်းကတော့ ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးရဲ့ အဓိကသော့ချက်ပါပဲ။

Source: BrightSide