လူတိုင်းဟာ တစ်နေရာရာမှာ ခေါင်းဆောင်ဖြစ်နေကြတာပါပဲ။ အလုပ်ထဲမှာ ၊ လမ်းထဲမှာ ၊ အိမ်မှာ ၊ ကျောင်းမှာ နောက်ဆုံး ဈေးဝယ်တာ ၊ ခရီးထွက်တာအထိ ရှေ့ကနေ ဦးစီးဦးဆောင်နေတာ ခေါင်းဆောင်မှုသဘောပဲ ဖြစ်ပါတယ်။ အခုပြောမှာက ပိုပြီး ကောင်းမွန်တဲ့ Leader တစ်ယောက်ဖြစ်ဖို့အတွက် ရှိသင့်တဲ့ အရည်အသွေးတွေပါ။

ကိုယ်က ဘယ်လို ခေါင်းဆောင်မျိုးလဲ။ ကိုယ့်အောက်က လူတွေက ဘယ်လိုလူတွေလဲ။ ဘယ်လို ခေါင်းဆောင်မှုက သူတို့နဲ့ အံအဝင်ဆုံး ဖြစ်မလဲဆိုတာ အရေးကြီးပါတယ်။ စစ်တပ် တပ်ရင်းတစ်ခုကို ခေါင်းဆောင်တဲ့သူနဲ့ တီးဝိုင်းတစ်ဝိုင်းကို ခေါင်းဆောင်တဲ့သူ နှစ်ဦးဟာ Leadership Style ဘယ်လိုမှ တူမှာမဟုတ်ပါဘူး။

ဒီအတွက် ကိုယ် ဦးဆောင်မယ့် ခေါင်းဆောင်နယ်ပယ် ၊ လူပုဂ္ဂိုလ်နဲ့ လိုအပ်တဲ့ အရည်အသွေးတွေကို ဖြည့်ဆည်းထားဖို့ လိုပါတယ်။

ငယ်သားတွေကို ပျင်းအောင် မထားဖို့က အရေးကြီးပါတယ်။ သူတို့ ထက်သန်တက်ကြွနေပါစေ။ သူတို့ရဲ့ ခေါင်းထဲက ကွန့်မြူးမှုကို အားပေးပြီး လမ်းညွှန်ပါ။ အဖွဲ့လိုက် Challenge လေးတွေ ပေးတာ ၊ ဒါမှမဟုတ် သူတို့အိုင်ဒီယာတွေကို ချပြလို့ရမယ့် အစီအစဉ်တစ်ခုခု ထားတာမျိုး လုပ်သင့်ပါတယ်။

လေးစားမှု လိုချင်သူဟာ ကိုယ့်ကိုယ်ကို မာန်မထားဘဲ နှိမ့်ချရပါတယ်။ နားလည်မှု လိုချင်သူဟာ စာနာတတ်ရပါတယ်။ ကိုယ်ပြောတဲ့ စကား နားထောင်စေချင်ရင် ကိုယ်က အရင် သူ့ကို ပေးပြောပါစေ။ စံထားထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေဖို့ ကိုယ်လိုချင်တဲ့ စံတွေ အရင်ဆုံး ကိုယ့်မှာ ရှိနေဖို့လိုပါတယ်။

နောက်ထပ် အရေးကြီးတာတစ်ခုက အဖွဲ့တစ်ခုကို ဦးဆောင်ရတဲ့ ခေါင်းဆောင်ဟာ အဖွဲ့တစ်ခုလုံးနဲ့ရော အဖွဲ့ဝင် တစ်ယောက်ချင်းစီနဲ့ပါ ထိတွေ့ ဆက်ဆံမှု လုပ်ရပါတယ်။ ဒီလို ဆက်သွယ်ရာမှာ ရိုးသားတဲ့ စိတ်နဲ့ သဘောထားကြီးကြီးထားပြီး ဆက်ဆံဖို့လိုပါတယ်။ တစ်ဦးချင်းရဲ့ ပြဿနာကို ခေါင်းကြီးကြီးနဲ့ စဉ်းစားလမ်းပြပေးပါ။

တစ်ခါတစ်လေမှာ စကားနဲ့ လမ်းပြ ၊ တစ်ခါတစ်လေမှာ အလုပ်နဲ့ လမ်းညွှန်ရပါတယ်။ အပြုသဘောဆောင်တဲ့ စိတ်ကို ရှေ့တန်းတင်ပြီး လူတွေကို ဆက်သွယ်ဖို့ ဆိုတာ ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးကောင်းတစ်ခုပါ။

နေရာတိုင်း ငါက အရေးကြီးတယ် အတွေးနဲ့ ဦးဆောင်ရင် မှားပါလိမ့်မယ်။ ပရောဂျက်တစ်ခု စတင်တိုင်း လူတိုင်းရဲ့ ခေါင်းကို အလုပ်လုပ်ခွင့် ၊ လူတိုင်း ပါးစပ်ကို ဟခွင့် ပေးလိုက်ပါ။ တက်ကြွထက်သန်တဲ့ Group တစ်ခုအဖြစ် ပုံသွင်းနိုင်ရင် အဲဒီပရောဂျက်ဟာ တကယ်အောင်မြင်ပါလိမ့်မယ်။ 

ကိုယ့်အောက်လက်ငယ်သားတွေကို စိတ်အားထက်သန်စေဖို့ လိုပါတယ်။ သင့်တော်လျောက်ပတ်တဲ့ ချီးကျူးဂုဏ်ပြုမှုနဲ့အသိအမှတ်ပြုမှုတို့ဟာ အလကားပေးလို့ရတဲ့ တန်ဖိုးကြီးပစ္စည်းတွေပါပဲ။