စိတ်ညစ်လို့ အရက်သောက်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ဘဝကို မဖျက်ဆီးမိပါစေနဲ့ ။ Stress တွေ ရှိလို့ Junk Food တွေ စားတာ ၊ အရက်/ဆေးလိပ်သောက်သုံးတာ ၊ လောင်းကစားလုပ်တာ ဘာမှ ကောင်းကျိုးမပေးပါဘူး။
စိတ်ဖိစီးနေရင် ကျန်းမာရေးလည်း အကျိုးပေးပြီး လက်ငင်း စိတ်သက်သာထိရောက်စေနိုင်မယ့် ကုထုံးနည်းနာတွေ ရှိပါတယ်။ဒီနည်းလမ်းတွေထဲက ကျန်းမာရေးနဲ့ညီတဲ့ Stress ဖြေလျှော့နည်းတစ်ချို့ကို ညွှန်းလိုက်ပါတယ်။
(၁) ကြွက်သားတွေ စိတ်နဲ့ဖြေလျှော့ပါ
Photo: Mile High Spine & Pain Center
တစ်ကိုယ်လုံးမှာ တင်းတောင့်နေတဲ့ ကြွက်သားတွေကို စိတ်နဲ့ ဖြေလျှော့တဲ့နည်းဟာ Stress တွေ ပြေလျော့စေဖို့ အထိရောက်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ အရင်ဆုံး သက်တောင့်သက်သာနေထိုင်ရင်း အသက်ကို ပြင်းပြင်းရှုရှိုက်မှုကနေ စတင်ရမှာပါ။ ပြီးရင် နဖူးကနေ စပြီး ခြေဖဝါးအထိ စိတ်အာရုံစိုက်ပြီး အကြောတွေကို ဖြည်းဖြည်းချင်း လျှော့ချရမှာ ဖြစ်ပါတယ်။ မကြာခင်မှာ စိတ်မှာ တင်းနေတဲ့အရာတွေ ပေါ့ပေါ့သွားတာ တွေ့ရပါလိမ့်မယ်။
(၂) စိတ်ကူးယဉ်ပုံဖော်မှု လုပ်ပါ
Photo: 123RF.com
စိတ်ကို စိတ်နဲ့ကုစားတဲ့နည်းနဲ့လည်း စိတ်ဖိစီးမှုကို တိုက်ထုတ်လို့ ရပါတယ်။ ဦးနှောက်ဆီကို ပေးပို့တဲ့ အချက်အလက်အတိုင်းက လူရဲ့ စိတ်အခြေအနေကို ပုံဖော်နိုင်ပါတယ်။ အတွေးထဲမှာ ပျော်စရာကောင်းတဲ့ပုံကို တွေးကြည့်တာနဲ့ လူဟာ ပျော်လာတဲ့ သဘောရှိတာပါပဲ။ ဒါကြောင့် စိတ်ဖိစီးနေချိန်မှာ ပျော်ရွှင်စရာကောင်းပြီး ကြည်နူးရွှင်ပျဖွယ် ရှုမျှော်ခင်းတွေ ကြည့်တာ ၊ စိတ်ထဲမှာ မြင်ယောင်ကြည့်တာမျိုး လုပ်ဆောင်သင့်ပါတယ်။
(၃) ရယ်မောပါ
Photo: PxHere
ရယ်မောခြင်းဟာ ခန္ဓာကိုယ်ထဲက Stress ကို တိုက်ထုတ်နိုင်တဲ့ ဓါတုထုတ်ပြန်မှုတွေကို လှုံ့ဆော်ပါတယ်။ ရယ်မောခြင်းအားဖြင့် ကြွက်သားတွေ ပြေလျော့စေပြီး စိတ်ခံစားချက်လည်း ကောင်းမွန်လာသလို ကိုယ်ခံအားစနစ်လည်း ပိုပြီး တက်လာစေနိုင်ပါတယ်။ စိတ်ဖိစီးနေချိန်မှာ ဟာသရုပ်ရှင်ဗွီဒီယိုတွေ ကြည့်တာ ၊ ပျော်ပျော်နေတတ်သူတွေနဲ့ ပေါင်းတာ ၊ ဟာသဝတ္ထုတွေ ဖတ်တာမျိုး လုပ်ဆောင်သင့်ပါတယ်။
(၄) အသက်ရှုလေ့ကျင့်ခန်း လုပ်ပါ
Photo: Northern Virginia Magazine
တရားရှုမှတ်ခြင်း ၊ ယောဂကျင့်ခြင်း နဲ့ အသက်ရှုသွင်း/ထုတ်ခြင်းကို အာရုံစိုက်ခြင်းဟာ စိတ်ကျန်းမာပျော်ရွှင်ရေးအတွက် အရေးကြီးတဲ့ လေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ စနစ်တကျအသက်ရှုခြင်းက ပေးတဲ့ အကျိုးတွေ အများကြီး ရှိပြီး အထူးသဖြင့် စိတ်ခံစားမှုမြင့်မားပြီး ကြည်လင်ရွှင်လန်းမှု ဖြစ်စေပါတယ်။
(၅) လမ်းလျှောက်ပါ
Photo: ReShape Your Life
လမ်းလျှောက်ခြင်းကလည်း စိတ်ဖိစီးမှုကို အမြန်သက်သာစေတဲ့ အကျိုးပေးပါတယ်။ လမ်းလျှောက်လိုက်ရုံနဲ့တင် မိနစ်ပိုင်းအတွင်း စိတ်အခြေအနေပြောင်းလာတာကို သတိပြုမိလာပါလိမ့်မယ်။ လမ်းလျှောက်တယ်ဆိုတာ ပတ်ဝန်းကျင်ပြောင်းလိုက်တာ ဖြစ်ပြီး စိတ်ပါ လိုက်ပြောင်းလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် စိတ်ဖိစီးမှု မြင့်နေချိန်မှာ လမ်းထ လျှောက်လိုက်တာနဲ့ အပြင် ရှုမျှော်ခင်းရော စိတ်မြင်ကွင်းပါ ပြောင်းသွားပါလိမ့်မယ်။ Stress ပြောင်းဖို့ စိတ်မြင်ကွင်းပြောင်းဖို့ လိုပါတယ်။ စိတ်မြင်ကွင်းပြောင်းဖို့ လမ်းလျှောက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် စိတ်ဖိစီးရင် လမ်းလျှောက်ဖို့ အကြံပေးချင်ပါတယ်။