တစ်ချိန်မဟုတ်တချိန် ကိုယ့်ကို ချုပ်ချယ်ချင်သူတွေနဲ့ ကြုံရတတ်ပါတယ်။ ကိုယ့်ကို သူတို့ဆန္ဒအတိုင်း တသွေမတိမ်း လိုက်လုပ်ဖို့ ဖိအားပေးနေတဲ့မိဘ ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို နောက်ကနေ စိတ်ကြိုက်ထိန်းချုပ်ကိုင်တွယ်ချင်တဲ့ ချစ်သူနဲ့ တစ်နည်းနည်းနဲ့ ကိုယ့်ကို ဖိအားပေးချင်ကြတဲ့ သူငယ်ချင်းတွေဆိုတာ ကြုံရတတ်စမြဲပါ။

ဒီလိုမျိုး တစ်ဖက်သားကို ထိန်းချုပ်ချင်တဲ့သူတွေနဲ့ ကြုံရပြီဆိုရင် ဘယ်လိုမျိုး ဆက်ဆံရမလဲ သိဖို့ အရေးကြီးပါတယ်။ ဒါကြောင့်ပဲ ကျွမ်းကျင်သူတွေ ပြောကြတဲ့ အရာရာဝင်စွက်ဖက်ချင်သူတွေနဲ့ ဆက်ဆံရာမှာ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးလိုက်ရပါတယ်။

(၁) တိုက်ရိုက်ပြောပါ

ပွင့်ပွင့်လင်းလင်းလုပ်တာက အကောင်းဆုံးပဲလို့ လူမှုကျွမ်းကျင်ပညာရှင်တွေက အကြံပေးကြပါတယ်။ ဆက်ဆံရေးမှာ ပွင့်လင်းတာ ကောင်းပါတယ်။ တကယ်လို့ သင့်ချစ်သူက သင့်ကို လိုက်ချုပ်ချယ်နေရင် ပြဿနာကို နှစ်ဦးနှစ်ဖက်သိအောင် ချပြပါ။

ပြီးရင် အဲ့ဒီလုပ်ရပ်အတွက် ကိုယ်ဘယ်လိုခံစားရတယ်ဆိုတာကို ရှင်းပြပါ။ ကိုယ့်အနေနဲ့ ဒီဖြစ်ရပ်ကြောင့် Relationship ကိုလည်း မထိခိုက်စေချင်ကြောင်းပါ ပြောပါ။ ပြဿနာကို ဖြေရှင်းနိုင်မယ့်အကောင်းဆုံးအဖြေတွေကို ချပြပြီး အတူတူ အဖြေရှာပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။

(၂) အကန့်ထားပါ

ဘယ်လူမှုဆက်ဆံရေးမဆို ဘောင်ထားတာ အကောင်းဆုံးပါပဲ။ ကျော်လို့မရတဲ့ ပုဂ္ဂလိကစည်းတွေကို အရင်ဆုံး ချထားခြင်းအားဖြင့် ဖြစ်လာနိုင်တဲ့ပြဿနာတွေ ရှင်းပြီးသား ဖြစ်စေမှာပါ။

ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ပေါင်းသင်းဆက်ဆံတော့မယ်ဆိုရင် ပထမဆုံး ကိုယ့်ရဲ့ အထိမခံနိုင်တဲ့ အတွင်းစည်းတွေကို အရင်ချထားပါ။ ဒီလို လုပ်ခြင်းအားဖြင့် ကိုယ့်ကို ချုပ်ချယ်ချင်တဲ့ သူစိမ်းတွေကို ဟန့်တားပြီးဖြစ်သလို ကိုယ်နဲ့ ပတ်သက်နေသူတွေကိုလည်း သူ့အကန့်ကိုယ့်အကန့် သိစေတော့မှာ ဖြစ်ပါတယ်။

(၃) စွန့်ခွာရမယ့်အချိန်ကို သိပါ

နောက်ဆုံးတစ်ချက် အကြံပေးချင်တာက ပြဿနာကို တိုက်ရိုက်လည်း ဖြေရှင်းတယ်၊ အကန့်တွေလည်း ကန့်ထားပါလျက်သားနဲ့ တစ်ဖက်က ကိုယ့်ကို မလေးမစားလုပ်တာ ၊ ချုပ်ချယ်ကန့်ကွက်တာတွေ ရှိလာရင် နှုတ်ဆက်စွန့်ခွာလိုက်ပါလို့ ပြောချင်ပါတယ်။

မှတ်ထားဖို့အချက်တစ်ချက်က ကိုယ့်ရဲ့ အချိန်၊ ဘဝ၊ ဖြစ်တည်မှု၊ စွမ်းအားနဲ့ အာရုံစိုက်မှုတွေကို ဘယ်သူအတွက်မှ စတေးစရာ မလိုဘူးဆိုတာပါပဲ။