ဆံကေသာ ခြောက်သွေ့ခြင်းနဲ့ ဆံကေသာ ပျက်စီးခြင်းဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ခေတ်ရေစီးကြောင်းနဲ့ အညီ လူနေမှုဘဝပုံစံပြောင်းလဲလာတာ၊ ခေတ်စားနေတဲ့ ဆံပင်ပုံစံတွေ လိုက်ပြောင်းတာတွေ၊ မိမိနဲ့လိုက်ဖက်မယ့် နောက်ဆုံးပေါ် ဆံပင်အရောင်တွေလိုက်ဆိုးတာတွေဟာ သင့်ဆံကေသာကို ထိခိုက်ပျက်စီးစေပါတယ်။

ဆံကေသာ ထိခိုက်ပျက်စီးနေပြီဆိုတာ ဘယ်လိုသိနိုင်မလဲ

ဆံပင် ခြောက်သွေ့ကြမ်းတမ်းခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံကေသာ စိုပြေမှုမရှိခြင်း၊ ပြောင်းဖူးမွှေးလို ကြမ်းတမ်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။

ရှောင်လွှဲလို့မရတဲ့ အခုလိုဆံကေသာ ခြောက်သွေ့ ပျက်စီးခြင်းကို ပြန်လည်ကုစားပြီး ဆံကေသာကို သန်စွမ်းစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဆံပင်အဖျားလေးတွေကို ပုံမှန်ညှပ်ပေးပါ

ဆံပင်အဖျားလေးတွေကို (၂) လ တစ်ကြိမ် (၃) လတစ်ကြိမ်လောက် ပုံမှန်ညှပ်ပေးခြင့်ဖြင့် ဆံပင်အဖျားနှစ်ခွတွေကို လျော့ပါ သက်သာစေမှာဖြစ်ပါတယ်။

၂။ ဆံပင်ပုံသွင်းစက်တွေကို တတ်နိုင်သလောက်ရှောင်ပါ

ဆံပင်ဖြောင့်စက် ကောက်စက်တွေနဲ့ ဆံပင်ပုံသွင်းတာကို အတတ်နိုင်ဆုံး ရှောင်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ ဆံကေသာ ထိခိုက်ပျက်စီးမှု နည်းနိုင်သမျှ နည်းသွားမှာအသေအချာပါပဲ။ တကယ်လို့ ဆံပင်ပုံသွင်းစက်တွေကို ရှောင်လို့အဆင်မပြေဘူးဆိုရင်လည်း အပူချိန်ကို လျှော့ပြီး သုံးပေးပါ။

၃။ ဆံပင်အရောင်ဆိုးခြင်းတွေ ဓာတုပစ္စည်းတွေကို ရှောင်ပါ

ဆံပင်ကို မကြာခဏ ဆေးဆိုးပေးတာ၊ ဓာတုပစ္စည်းတွေနဲ့ ဆံပင် ကောက်လိုက်ဖြောင့်လိုက် လုပ်တာတွေဟာ ဆံကေသာကို ပြောင်းဖူးမွေးလို ထိခိုက်ပျက်စီးစေပါတယ်။

၄။ ပရိုတင်းကြွယ်ဝတဲ့ အစားအစာစားပါ

အာဟာရဓာတ်ကို တင့်သင့်မျှတအောင်စားပေးတာဟာ ဆံကေသာကို ကျန်းမာသန်စွမ်းစေပါတယ်။ ပရိုတင်းဓာတ်ပါတဲ့ အစားအစာတွေကို များများစားပေးပါ။ ပရိုတင်းဓာတ်ဟာ သင့်ရဲ့ ဆံကေသာကို သန်စွမ်းစေပါတယ်။