လမ်းခွဲဆိုတာ အမြဲပဲ ခက်ခဲတဲ့ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ချစ်သူနဲ့ အကြောင်းမဆက်ခြင်းကြောင့် လမ်းခွဲနှုတ်ဆက်ရသူတိုင်းမှာ နာကျင်ရတဲ့ ခံစားချက်ရှိကြပါတယ်။ တစ်ခါတစ်လေမှာ ပြတ်သွားတဲ့ အဆက်ဟောင်း Ex ကို မမေ့နိုင်ခြင်းက ဖွဲမီးလို တမြေ့မြေ့လောင်နေတတ်ပါတယ်။ ဒါပေမယ့် Ex နဲ့ လမ်းခွဲပြီးနောက် အသည်းကွဲမှုမှာ ကြာရှည် မနေထိုင်ဘဲ အမြန်ရုန်းထွက်ဖို့လိုပါတယ်။ ရှေ့ဆက်ရမယ့် ကိုယ့်ခရီးကို အားနဲ့မာန်နဲ့ ဖြတ်သန်းနိုင်ဖို့အတွက် Ex ကို မေ့နိုင်အောင် ကြိုးစားရမှာပါ။ ဒီလို မေ့ဖို့အတွက်ဆို အခုပြောမယ့် အချက်လေးတွေ လိုက်နာသင့်ပါတယ်။

(၁) မျှော်လင့်ချက်ကို စွန့်လွှတ်ပါ

ပြန်အဆင်ပြေသွားမယ်လို့ မျှော်လင့်နေတဲ့ စိတ်ကို လက်လျှော့လိုက်ပါ။ အဆုံးသတ်သွားတဲ့ Relationship တစ်ခုကနေ ဘာကိုမှ ထပ်မမျှော်လင့်တော့တာဟာ အမှန်ဆုံး လုပ်ရပ်ဖြစ်ပါတယ်။ အားလုံးပြီးဆုံးသွားပြီဆိုတာ လက်ခံပြီး ပြန်လည်ပေါင်းထုတ်ဖို့ မျှော်လင့်တဲ့စိတ်ကို မေ့လိုက်ပါတော့။

(၂) ခံစားချက်တွေ အနယ်ထိုင်အောင် အချိန်ပေးပါ

နေမကောင်းတဲ့ လူတစ်ယောက် နလန်ထချိန်မှာ အစားအသောက်နဲ့ အနားယူမှုအတွက် အချိန်ပေးရသလို အသည်းကွဲပြီးနောက် ကိုယ့်ခံစားချက်ကို Recovery ဖြစ်ဖို့ အချိန်ပေးဖို့ လိုပါတယ်။ ကြေကွဲဝမ်းနည်းရတဲ့ ခံစားချက်ကိုလည်း အသိအမှတ်ပြုပြီး သိပ်မြိုသိပ်မထားဖို့လည်း အရေးကြီးပါတယ်။

(၃) သူငယ်ချင်းတွေနဲ့ တွေ့ပါ

အခုချိန်ဟာ ကိုယ့်သူငယ်ချင်း မိတ်ဆွေစစ်တွေနဲ့ အတူတူ ဖြတ်သန်းရမယ့် အချိန် ဖြစ်ပါတယ်။ အသည်းကွဲလို့ဆိုပြီး သူငယ်ချင်းတွေနဲ့ မတွေ့အောင် ရှောင်တာမျိုး မလုပ်ပါနဲ့။ သူတို့နဲ့အတူ စားစားသွားသွား လုပ်ပါ။ ရုပ်ရှင်အတူကြည့် ၊ Night Out လေးဘာလေး ထွက်သင့်ပါတယ်။

(၄) အမှတ်တရတွေ ဖျောက်ပစ်ပါ

ပြန်ဦးမလှည့်တော့ဘူးဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့ အတိတ်ကို ပြန်ပြောနေတဲ့ အမှတ်ရစရာတွေကို ဖျောက်ဖျက်ပစ်ပါ။ အရင်တုန်းက ပေးခဲ့တဲ့ ပေးစာတွေ ၊ ဓါတ်ပုံတွေနဲ့ အမှတ်တရ လက်ဆောင်တွေ ကိုယ့်ဆီမှာ မကျန်ခဲ့ပါစေနဲ့။

(၅) နောက်တစ်ယောက်ကို အလျင်စလို မကြိုက်မိပါစေနဲ့

Ex နဲ့ မဆုံဖြစ်အောင် ရှောင်ပါ။ ဒီလို ရှောင်ရှားနေစဉ်မှာ နောက်ရည်းစားတစ်ယောက်ကို ချက်ချင်း တွဲတာမျိုး မလုပ်သင့်ပါဘူး။ စိတ်တွေက လှိုင်းတွေလို မငြိမ်မသက်ဖြစ်နေချိန်မှာ တစ်ခုခုကို အလျင်စလို လုပ်မိရင် မှားပြီးရင်း မှားတတ်ပါတယ်။အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာမယ်ဆိုရင် ပြတ်သွားတဲ့ အဆက်ဟောင်းကို မေ့ဖို့အတွက် ပိုလွယ်စေမှာ ဖြစ်ပါတယ်။