တရားထိုင်ခြင်းဟာ ယောက်ယက်ခတ်နေတဲ့ စိတ်အလျဉ်ကို ငြိမ်းချမ်းကြည်လင်စေပြီး စိတ်အင်အားသစ်တွေ ပေါ်ထွန်းစေနိုင်ပါတယ်။ ဒါကြောင့်ပဲ ဘယ်လောက်အလုပ်များများ အချိန်အားရအောင်ယူပြီး တရားထိုင်ဖို့ တိုက်တွန်းနေကြတာပါ။

တကယ်လို့ ကိုယ်က တရားထိုင်နေကျမဟုတ်လို့ အလေ့အကျင့်အားနည်းနေရင် ဒီအချက်လေးတွေ လုပ်ကြည့်သင့်ပါတယ်။

(၁) အချိန်သတ်သတ်မှတ်မှတ် ထားပါ

တရားထိုင်ဖြစ်အောင် ထိုင်ဖို့ အချိန်ဇယားတစ်ခု ထားဖြစ်အောင် ထားပြီး အဲ့ဒီအချိန်ရောက်ရင် တရားထိုင်ဖြစ်အောင် ထိုင်ပါ။ နေ့စဉ်ပုံမှန်တရားထိုင်တဲ့အကျင့် လုပ်သွားရင် ဦးနှောက်က အလေ့အကျင့်ဖြစ်သွားပြီး တရားထိုင်ရတာ မခက်သလို ပုံမှန်လည်း ထိုင်ဖြစ်သွားမှာပါ။ အနှောင့်အယှက်ကင်းပြီး အားလပ်တဲ့ မနက်စောစောပိုင်း အချိန်မျိုးဖြစ်ရင် ပိုကောင်းပါတယ်။

(၂) တရားထိုင်ဖို့ သီးသန့်နေရာ ထားပါ

တရားထိုင်ချင်စိတ်ဝင်အောင် ပတ်ဝန်းကျင်ကလည်း သင့်အပေါ် လွှမ်းမိုးမှုရှိပါတယ်။ အိပ်ရာပေါ်မှာ တရားထိုင်တာထက် တိတ်ဆိတ်ပြီး အလင်းရောင်နဲ့ လေဝင်လေထွက်ကောင်းတဲ့ အခန်းတစ်ခန်းထဲမှာ တရားထိုင်တာက ပိုပြီး အာရုံစူးစိုက်မှုကောင်းသလို တရားထိုင်ရတာလည်း ပိုလို့ စိတ်ပါဝင်စားတတ်ပါတယ်။ သင့်အိမ်ရဲ့ တိတ်ဆိတ်ငြိမ်းချမ်းမှုအရှိဆုံးနေရာ (ဥပမာ- ဘုရားခန်း) မှာ နေ့တိုင်း တရားထိုင်ဖို့ နေရာအဖြစ် သတ်မှတ်ထားလိုက်ပါ။

(၃) ယောဂ အရင်လုပ်ကြည့်ပါ

ယောဂလုပ်တာဟာ တရားထိုင်တာမဟုတ်ပေမယ့် တင်းမာနေတဲ့စိတ်တွေကို ပြေလျော့အောင် ယောဂလေ့ကျင့်ခန်းက ဖြေလျှော့ပေးနိုင်ပါတယ်။ စိတ်အကြောတွေ ပြေလျော့သွားမှုနဲ့အတူ အကြည်ဓါတ်ရလာပြီး တရားထိုင်ရတာ ပိုလို့ အဆင်ပြေလာနိုင်ပါတယ်။ ဒါကြောင့် တရားမထိုင်ခင် အရင်ဆုံး သတိပါတဲ့ ယောဂလေ့ကျင့်မှုကို လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

(၄) အဖော်တွေနဲ့ တရားထိုင်ပါ

လူစုလူဝေးနဲ့ တရားထိုင်ဖို့က လွယ်ပါတယ်။ ရိပ်သာကို သွားလိုက်ရုံပါပဲ။ အများနဲ့ တရားထိုင်ခြင်းအားဖြင့် ဆိတ်ငြိမ်နက်ရှိုင်းမှုတွေ လွှမ်းမိုးရာမှာ တရားထိုင်တာဖြစ်လို့ စိတ်စုစည်းမှု ပိုရှိလာနိုင်ပါတယ်။ စိတ်လည်း ပိုပါပြီး အားတက်နိုင်ပါတယ်။