လူတိုင်း လိုချင်တဲ့ အရာက ပျော်ရွှင်မှုပါ။ ဒီပျော်ရွှင်မှုကို ခံစားချင်လို့ပဲ ငွေရှာတယ်၊ အလုပ်ကြိုးစားတယ်၊ ပန်းတိုင်ဆီ ရောက်အောင် သွားတယ် စတာတွေကို လုပ်ကြတာပါ။ ပျော်ရွှင်မှု အများစုက ပြင်ပကမ္ဘာကနေ လာတတ်ပါတယ်။ အရသာရှိတဲ့ အစားအသောက်၊ ဇိမ်ခံပစ္စည်း စတာတွေက ခဏတာ ပျော်ရွှင်မှုကို ပေးစွမ်းတတ်ပါတယ်။ ဒါပေမဲ့ သင့်အနေနဲ့ သိထားသင့်တာက ပျော်ရွှင်မှု ဆိုတဲ့ အရာကို သင့်အတွင်းထဲကနေ ရယူနိုင်တယ် ဆိုတာပါ။ ဒီပျော်ရွှင်မှုက ပြင်ပ ပျော်ရွှင်မှုတွေလို ခဏတဖြုတ် မဟုတ်ဘဲ သင်နဲ့ ထာဝရ လိုက်ပါနေမယ့် အရာပါ။ ဒီစိတ်အတွင်း ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်မယ့် လက်တွေ့နည်းလမ်းတွေ ရှိပါတယ်။ ဘယ်နည်းလမ်းတွေ ဖြစ်မလဲ ဆက်ကြည့်လိုက်ရအောင်-

၁။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားပါ

အဆီများတဲ့ အစားအသောက်တွေ စားပြီးနောက် သင် ဗိုက်တင်းပြီး မအီမသာ ဖြစ်ဖူးမှာပါ။ ဒါ့အပြင် ဘယ်အချိန် ဝိတ်ပြန်တက်မလဲ တွေးပူရပါသေးတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကတော့ ဒီလို မဟုတ်ပါဘူး။ စားပြီးနောက် သင့်ကို ပိုစိတ်ချမ်းသာစေပါတယ်။ ပေါ့ပါးသွက်လက်နေစေပါတယ်။ Healthy Food တွေက ခန္ဓာကိုယ်အတွက် အာဟာရပိုပေးစွမ်းတာမို့ သင်အရင်ထက် ပိုစိတ်ချမ်းသာလာပါလိမ့်မယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ

သင်စိတ်ညစ်နေတဲ့ အချိန် လှုပ်လှုပ်ရှားရှား နေလိုက်တဲ့အခါ စိတ်အပြောင်းအလဲ ဖြစ်သွားတာကို ကြုံဖူးမှာပါ။ လေ့ကျင့်ခန်းက သင့်အတွက် အဘက်ဘက်ကနေ အထောက်အကူ ပြုပါတယ်။ သင်အရင်ထက်ပိုတက်ကြွပြီး ခွန်အားပြည့်လာတာကို လေ့ကျင့်ခန်း လုပ်ပြီးနောက် ခံစားမိပါလိမ့်မယ်။ တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ် လေ့ကျင့်ခန်း လုပ်ရုံနဲ့ လုံလောက်ပါတယ်။

၃။ Journaling စလုပ်ပါ

Journaling လုပ်ခြင်းက သင့်စိတ်၊ သင့်အတွေးတွေကို ပိုမိုရှင်းလင်းစေပါတယ်။ သင့်တစ်နေ့တာ ဘာတွေလုပ်ချင်လဲ၊ သင့်အခက်အခဲတွေကို ဘယ်လိုဖြေရှင်းမလဲ စတာတွေ အားလုံးကို စာအုပ်ထဲ ချရေးနိုင်ပါတယ်။ ဘဝမှာ ဖြစ်ချင်တဲ့၊ လိုချင်တဲ့ အရာတွေကို စာအုပ်ထဲ ရေးနိုင်ပါသေးတယ်။ တစ်နေ့မှာ ၁၀ မိနစ် အချိန်ပေးပြီး Journaling လုပ်ရုံနဲ့ လုံလောက်ပါတယ်။

၄။ တစ်နေ့မှာ ရေ ၈ ခွက်သောက်ပါ

ရေသောက်တာက အသားအရေ ကို စိုပြေစေသလို အဆိပ်အတောက်တွေကိုပါ လျော့ပါးစေပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။ အသားအရေလှပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်လိုသူတိုင်း ရေလုံလောက်အောင် သောက်ပေးသင့်ပါတယ်။

ဒီအချက် ၄ ချက်ကတော့ ပိုပျော်ရွှင်လာဖို့ လက်တွေ့လုပ်နိုင်တဲ့ အရာတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar