မင်္ဂလာပါ ပျိုမေတို့ရေ။ ဓာတ်ပုံရိုက်လိုက်တိုင်း ပုံထွက်မလှလို့ အလိုမကျ ဖြစ်နေရတဲ့သူတွေရှိလား။ ဒီလိုဖြစ်တဲ့အခါ ရိုက်ပေးတဲ့သူကိုပဲ အပြစ်ပြောလို့မရပါဘူးနော်။ ပုံတိုင်းလှချင်ရင် ကိုယ်တိုင်ကလည်း ကိုယ်နေဟန်ထားမှန်မှန်နဲ့ ပိုစ့်ပေးတတ်ဖို့ အရေးကြီးပါတယ်။ ရိုက်ထားတဲ့ပုံကို Photoshop တွေလုပ်နေစရာမလိုဘဲ ခန္ဓာကိုယ်အချိုးအစားအလှလည်းပေါ်ပြီး အဆီပိုရှိတဲ့နေရာတွေပါ မသိသာတော့အောင် နာမည်ကြီးမော်ဒယ်တွေ လုပ်တတ်တဲ့ ပိုစ့်ပေးနည်း လှည့်ကွက်လေးတွေရှိပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့လိုက်လုပ်ကြည့်နိုင်မယ့် မော်ဒယ်တွေရဲ့ ပုံတိုင်းဆွဲဆောင်မှုရှိအောင် ပိုစ့်ပေးနည်းလျို့ဝှက်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁။ ပေါင်တံသွယ်သလိုမြင်ရဖို့

ဓာတ်ပုံထဲမှာ ပေါင်တံလေးပိုသွယ်သွားသလိုမြင်ရဖို့ မတ်တပ်ရပ်တဲ့အခါ ခန္ဓာကိုယ်ကျောရိုးနဲ့ တင်ပါးကို အနည်းငယ်ပင့်တင်ထားတာမျိုးလုပ်ပေးပါ။ ပေါင်တံနှစ်ခုကပ်ပြီး ကြီးနေသလိုမမြင်ရအောင် ကူညီပေးမှာပါ။

၂။ လက်မောင်းကြီးတာမပေါ်ဖို့

ကိုယ့်ကိုယ်ကိုယ် ဓာတ်ပုံထဲမှာ လက်မောင်းကြီးနေသလို ခံစားနေရသူတွေအနေနဲ့ ရိုက်တဲ့အခါ လက်ကိုရှေ့မှာမထားဘဲ တံတောင်လေးနည်းနည်းကွေးပြီး အနောက်ကို ပို့ထားလိုက်ပါ။ လက်မောင်းကြီးမှန်း လုံးဝမသိသာတော့ပါဘူး။

၃။ မေးနှစ်ထပ်မမြင်ရအောင်

မေးနှစ်ထပ်ရှိမှန်းမသိသာအောင် ဓာတ်ပုံရိုက်တဲ့အခါ မော်ဒယ်တွေလုပ်တတ်တဲ့နည်းကတော့ ခေါင်းတည့်တည့်ထားပြီး လျှာကို အပေါ်သွားဖုံးနဲ့ထိထားလိုက်တာပါ။

၄။ တင်ဘေးကားပြီး အချိုးကျနေအောင်


ရိုးရိုးမတ်တပ်ရပ်နေတာထက် ခန္ဓာကိုယ် ခါးတစ်ဖက်စောင်းကာ ခြေထောက်လေးလှည့်ပြီး ရိုက်ကြည့်ပါ။ ခန္ဓာကိုယ်အချိုးအစားပိုကျပြီး တင်ဘေးခပ်ကားကားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ပုံလေးရစေပါလိမ့်မယ်။

၅။ ဗိုက်ခေါက်နဲ့ ခါးအဆီတွေမမြင်ရအောင်

ဗိုက်ခေါက်ရှိတဲ့သူတွေအနေနဲ့ ဗိုက်အဆီရှိမှန်းမသိသာအောင် ခန္ဓာကိုယ်မတ်ကာ ခါးဘေးစောင်းထားတဲ့ ပိုစ့်လေးပေးနိုင်ပါတယ်။ ခါးကုန်းပြီးထိုင်မိတာမျိုးမဖြစ်အောင် သတိထားပေးပါ။

၅။ ခန္ဓာကိုယ်ဘေးဘက်က အဆီပိုတွေမသိသာအောင်

အင်္ကျီအကျပ်လေး ဝတ်တာပဲဖြစ်ဖြစ်၊ လက်ပြတ်လေးဝတ်ပြီး ဓာတ်ပုံရိုက်ချင်လို့ဖြစ်ဖြစ် နောက်ကျောနဲ့လက်မောင်းဘေးဘက်မှာရှိနေတတ်တဲ့ အဆီပိုတွေမမြင်ရအောင် ခန္ဓာကိုယ်ဘေးကို မကုန်းမိစေဘဲ ပုခုံးစွန်းလေးအပေါ်မြှင့်ပြီး ပိုစ့်ပေးကြည့်ပါ။ အပေါ်ပုံထဲကလို အသားပိုတွေလုံးဝမမြင်ရတဲ့ ဓာတ်ပုံလေးရစေပါလိမ့်မယ်။

Source: preview.ph