အခုနောက်ပိုင်းဆိုရင် လူတော်တော်များများဟာ Work From Home ပြုလုပ်လာကြရပြီး နည်းပညာပိုင်းမှာ ပိုမိုကျွမ်းကျင်လာကြပါတယ်။ ဥပမာ အွန်လိုင်းပေါ်ကနေ မီတင်တက်ရတာမျိုး၊ အွန်လိုင်းပေါ်ကနေ အဖွဲ့လိုက် အတူတူလုပ်ဆောင်ကြတာမျိုးတွေပေါ့။

ဒါ့အပြင် အွန်လိုင်းပေါ်ကနေ အင်တာဗျူးဖြေခြင်းသည်လည်း အခြေအနေအမျိုးမျိုးကြောင့် ပြုလုပ်လာကြပါတယ်။ သင်သည်လည်း အလုပ်လျှောက်တဲ့အခါ အွန်လိုင်းပေါ်ကနေ အင်တာဗျူးဖြေမယ်ဆိုရင် ဘယ်လိုအချက်တွေကို သိထားသင့်သလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်မှုရှိနေပါစေ

အွန်လိုင်းကနေ အင်တာဗျူး ဖြေနေတာဖြစ်တဲ့အတွက်ကြောင့် နည်းပညာပိုင်းနဲ့ ပတ်သက်ပြီး ပရိုအဆင့်ထိ မဟုတ်တောင်မှ အနည်းငယ်ခန့် ရင်းနှီးကျွမ်းဝင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ အင်တာဗျူးမှာ အခက်အခဲမရှိဘဲနဲ့ ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

တိတ်ဆိတ်သောအခန်းကို အသုံးပြုပါ

ကိုယ့်ရဲ့အိမ်နဲ့ ပတ်ဝန်းကျင်သည် ဆူညံကောင်း ဆူညံနေနိုင်ပါတယ်။ သင့်အသံကို ရှင်းရှင်းလင်းလင်းမကြားရတဲ့အခါ သင် ဘာဖြေနေသလဲဆိုတာကိုလည်း ကောင်းစွာကြားရမှာမဟုတ်တဲ့အတွက်ကြောင့် သင့်အင်တာဗျူးအတွက် အနှောင့်အယှက်တစ်ခုဖြစ်စေနိုင်ပါတယ်။

အင်တာဗျူးဖြေနေစဉ်မှာ ကိုယ် အသုံးပြုတဲ့အခန်းကို တိတ်ဆိတ်နေအောင် ဘယ်လိုဖန်တီးရမလဲဆိုတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြံဆကြည့်လိုက်ပါ။ ဥပမာ – သူငယ်ချင်းဆီက အခန်းငှားသုံးတာမျိုး၊ ပိုက်ဆံအနည်းငယ်သုံးပြီး အခန်းတစ်ခန်းကို အချိန်ပိုင်းနဲ့ ငှားတာမျိုး ပြုလုပ်နိုင်ပါတယ်။

EQ ကောင်းမွန်ကြောင်း ဖော်ပြတတ်ပါစေ

တချို့အင်တာဗျူးမေးခွန်းတွေမှာ သင်သာဆိုရင်ရော သူ့နေရာမှာ ဘယ်လိုလုပ်မလဲ။ နောင် ငါးနှစ်ကြာတဲ့အခါ ဘယ်လိုဖြစ်နေမလဲ စတဲ့ မေးခွန်းတွေက မပါမဖြစ်ပါပဲ။ ထိုမေးခွန်းတွေ ဖြေရတဲ့အခါ ကိုယ်သည် EQ မြင့်မားတဲ့လူတစ်ယောက်ဖြစ်ကြောင်း ပြသဖို့လိုအပ်ပါတယ်။ ယနေ့ခေတ်မှာ IQ ကောင်းဖို့ပဲ အဓိကကျတာမဟုတ်ပါဘူး။ EQ ကောင်းဖို့လည်း လိုအပ်ပါတယ်။

အင်တာနက်လိုင်း ကောင်းနေပါစေ

အွန်လိုင်းအင်တာဗျူးဖြစ်တဲ့အတွက်ကြောင့် မကြာခဏ လိုင်းကျသွားတာမျိုး၊ လိုင်းက ပြတ်တောင်း ပြတ်တောင်းဖြစ်တာမျိုးသည်လည်း သင့်ကို ကောင်းမွန်တဲ့ရလာဒ် ဆောင်ကျဉ်းပေးမှာမဟုတ်ပါဘူး။

အင်တာဗျူးမေးနေသူသည်လည်း အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့် သင့်အခြေအနေကို နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ ကိုယ့်ဘက်က ကြိုပြင်ထားတာ အကောင်းဆုံးပါပဲ။

ကိုယ့်ရဲ့အသွင်အပြင်၊ ဝတ်စားဆင်ယင်မှုကိုလည်း ဂရုစိုက်ပါ

အွန်လိုင်း အင်တာဗျူးပဲ ဝတ်စားဆင်ယင်မှုက အဓိကမကျပါဘူးလို့ မထင်လိုက်ပါနဲ့။ သင့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်တတ်ခြင်းသည်လည်း အောင်မြင်တဲ့အင်တာဗျူးတစ်ခုဖြစ်အောင် ကူညီပေးနိုင်ပါတယ်။ တီရှပ်၊ အိမ်နေရင်း အဝတ်အစားများ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ပါ။ သပ်သပ်ရပ်ရပ် ဖြီးလိမ်းပြင်ဆင်ပါ။ စမတ်ကျကျ ဖြစ်စေမယ့်အသွင်မျိုး ဖန်တီးရပါမယ်။