ဘယ်သူမဆို တစ်ဦးတစ်ယောက်နဲ့ Relationship တစ်ခုတည်ဆောက်ပြီဆိုတာနဲ့ အဆင်ပြေ ပျော်ရွှင်နေချင်ကြတာပါပဲ။ တစ်ခါတစ်လေမှာတော့ အချင်းချင်းမကြိုက်တဲ့ အချက်တွေကို လုပ်မိကြပါတယ်။ ဒါကြောင့် ကောင်လေးတွေအနေနဲ့ ချစ်သူမိန်းကလေးနဲ့ဖြစ်စေ၊ သဘောကျတဲ့ ကောင်မလေးတွေ နဲ့ဖြစ်စေ သူတို့မကြိုက်တာတွေ၊ မုန်းသောအရာများကို မလုပ်မိဖို့ သိထားသင့်တဲ့ အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။

(၁) လိမ်ညာခြင်း

မိန်းကလေး တော်တော်များများက ယောကျာ်းလေးတွေ သို့မဟုတ် သူတို့ရဲ့ ချစ်သူအမျိုးသားတွေနဲ့ ပတ်သတ်ပြီး မုန်းတဲ့အရာများထဲမှာ အဓိကကျတဲ့အချက်ကတော့ လိမ်ညာခြင်းပါပဲ။ တစ်ဖက်သားကိုလိမ်လည်ပြီး ထိုသူအပြင် အခြားတစ်ယောက်နဲ့ ပတ်သတ်ဆက်နွယ်နေတာမျိုး ရှိနေတာမျိုးက တကယ်ကို ကြီးမားတဲ့ ပြဿနာပါ။ တစ်ဖက်သားကို သစ္စာမရှိရာ၊ လေးစားမှုမရှိရာလည်း ရောက်ပါတယ်။ ဒီလိုမျိုးလိမ်ညာတာဟာ Relationship တစ်ခုပြိုကွဲသွားဖို့အထိ လုံလောက်ပါတယ်။

(၂) လျစ်လျူရှုခြင်း

မိန်းကလေးတွေက သူတို့ချစ်တဲ့သူဆီက ဂရုစိုက်ခံချင်ကြပါတယ်။  တစ်ခါတစ်လေ သူတို့ ဂရုစိုက်ခံချင်လို့ ကောင်လေးကို ပြဿနာ အသေးအမွှားလေးတွေ ရှာတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါ သူမကို လျစ်လျူမရှုလိုက်ပါနဲ။ ဒါဟာ သူမအပေါ် မလေးစားရာလည်း ရောက်သလို သူမကို ဝမ်းနည်းစေပါတယ်။

(၃) တစ်ဖက်ပြောစကားကို အလေးထားနားမထောင်ခြင်း

တစ်ခါတစ်လေ ကောင်လေးတွေမှာ အရေးကြီးတဲ့အလုပ်တာဝန်တွေ၊ အခြားအာရုံစိုက်ရမဲ့ကိစ္စတွေကြောင့် တစ်ဖက်သားစကားပြောတာကို အလေးမထားသလိုမျိုး၊ အာရုံမစိုက်မိတာမျိုး ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေဆိုရင် ပြဿနာမရှိပါဘူး။ ချစ်သူမိန်းကလေးကို နားလည်အောင်ပြောပြပြီး ညှိယူလို့ရပါတယ်။ ဒါပေမဲ့ အမြဲလိုလို တစ်ဖက်သားစကားကို အလေးထားနားမထောင်ဘူးဆိုရင်တော့ ပြဿနာရှိလာပါပြီ။ ဒီအချက်ကလည်း မိန်းကလေးတွေ မုန်းသောအရာများထဲက တစ်ခုပါပဲ။

(၄) လေးစားမှုမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိဖို့ဆိုတာ ဘယ်လို ဆက်ဆံရေးတွင်မဆို အရေးကြီးပါတယ်။ မိန်းကလေးတွေ မုန်းသောအရာများထဲမှာ သူတို့ကို လေးစားမှုမရှိဘဲ ရိုင်းစိုင်းစွာ ပြုမူဆက်ဆံခြင်းလည်း ပါဝင်ပါတယ်။ အခြားသူများရှေ့တွင်ဖြစ်စေ၊ ၂ ယောက်တည်းဖြစ်ပါစေ၊ သူမကို ရိုင်းစိုင်းစွာ ပြုမူဆက်ဆံခြင်းကို ရှောင်ပါ။ ပြဿနာတစ်ခုဖြစ်လာလျှင် စိတ်လိုလက်ရ တုံပြန်တာမျိုး၊ ရိုင်းစိုင်းစွာ အော်ဟစ်ပြောဆိုတာမျိုးမလုပ်ပဲ အေးအေးဆေးဆေး ဖြေရှင်းနည်းကို သုံးပါ။

(၅) တစ်ဖက်လူကို ထိန်းချုပ်လွန်းခြင်း

သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ အရာရာကို သံသယဖြစ်ပြီး မယုံသင်္ကာ စိတ်နဲ့ထိန်းချုပ်တာဟာ ဘယ်လောက်ပဲချစ်လို့ ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦး မကြာခဏပြဿနာတတ်ခြင်း၊ ရန်ဖြစ်ခြင်းများဖြစ်လာနိုင်ပါတယ်။ ထိန်းချုပ်ခံရတဲ့တစ်ဖက်သားဟာ ဒီ Relationship အပေါ်မှာမပျော်တော့ဘဲ မွန်းကျပ်လာမှာပါ။

ဒါဆိုရင်တော့ ဒီ Relationship ဟာအချိန်မှီ မပြင်ဆင်ရင် အဆုံးသတ်ဖို့ ဖြစ်လာနိုင်ပါတယ်။ ထိန်းချုပ်လွန်းတာဟာ အချစ်မဟုတ်ပါဘူး။ ဒါကြောင့် တကယ် မြတ်နိုးတဲ့မိန်းကလေးဆိုရင် ထိန်းချုပ်တာမျိုးမဟုတ်ဘဲ အချင်းချင်း နားလည်မှုယူတဲ့နည်းလမ်းကို ပြောင်းကြည့်ပါ။