ယနေ့ခေတ်မှာ လူတစ်ယောက်ကို သူ့ဖုန်းတစ်လုံးနဲ့ အမြဲတမ်း တွဲမြင်ရလေ့ရှိပါတယ်။ ဖုန်း မော်ဒယ်အသစ်တွေကလည်း တစ်နှစ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်လောက် ထွက်ရှိနေတာဖြစ်ပြီး လူအများစုကလည်း ဖုန်းသုံးရတာကို စွဲလမ်းနှစ်ခြိုက်ကြပါတယ်။

အရေးအကြောင်းတစ်ခုခုဆို ဖုန်းဖြင့် အဆက်အသွယ်ပြုလုပ်နိုင်ခြင်း၊ မိမိဖုန်းဖြင့် ဂိမ်းဆော့၊ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်ခြင်း စတဲ့ အပန်းဖြေမှုများကို ပြုလုပ်နိုင်ခြင်းများကြောင့် ဖုန်းရဲ့အခန်းကဏ္ဍကလည်း လူသားတွေရဲ့နေ့စဉ်ဘဝမှာ အရေးပါအရာရောက်ပါတယ်။

ဒီလိုအရေးပါလှတဲ့ ဖုန်းကို သန့်စင်ခန်းသွားလည်း ယူသွား၊ အိပ်ရာဘေးနား၊ ခေါင်းအုံးဘေးနား ထားအိပ်ခြင်းမျိုးတွေက ကျန်းမာရေးအတွက် မကောင်းပါဘူး။

သင့်အနေနဲ့ သင့်ဖုန်းကို ဒီလိုနေရာတွေမှာ သိမ်းထားတတ်တယ်ဆိုရင် အခုကတည်းက ထိုအကျင့်ကို ဖျောက်ဖျက်ပစ်လိုက်ပါ။

ဘောင်းဘီ အနောက်အိတ်ကပ်

ဘောင်းဘီအနောက်အိတ်ကပ်ထဲ ဖုန်းထည့်ထားတဲ့အခါ ဖုန်းမှန်ကွဲနိုင်ချေ များပါတယ်။ ဒါ့အပြင် အရေးပေါ် ဖုန်းနံပါတ်တစ်ခုဖြစ်တဲ့ ၉၁၁ ကို ဖုန်းခေါ်ဆိုခြင်းတွေထဲကမှ ၃၀ ရာခိုင်နှုန်းကတော့ ဘောင်းဘီအနောက်အိတ်ထောင်ထဲ ထည့်ထားရာကနေ မတော်တဆ ခေါ်ဆိုမိခြင်းမျိုး ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး ဆိုးကျိုးကတော့ ဝမ်းဗိုက်အောင့်ခြင်း၊ ခြေထောက်နာကျင်ကိုက်ခဲခြင်းများကို ခံစားရနိုင်ပါတယ်။

ဘောင်းဘီအရှေ့အိတ်ကပ်

အမျိုးသားများအနေနဲ့ မိမိဖုန်းကို ဘောင်းဘီအရှေ့အိတ်ကပ်ထဲ ထည့်ထားခြင်းအားဖြင့် ဖုန်းထဲမှ ထွက်တဲ့ လျှပ်စစ်သံလိုက်လှိုင်းက သုတ်ပိုး ထွက်ရှိမှုနှုန်းနဲ့ သုတ်ပိုးရဲ့အရည်အသွေးကို လျော့ကျစေပြီး မျိုးပွားအင်္ဂါကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ တင်ပါးဆုံရိုးကိုပါ အားနည်းစေတာကြောင့် ဖုန်းကို ဘောင်းဘီအရှေ့အိတ်ကပ်ထဲ ထည့်ခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။

မျက်နှာအသားအရေနှင့် ထိကပ်ခြင်း

ဖုန်းပြောတဲ့အခါ သင့်ဖုန်းနဲ့ သင့်မျက်နှာအသားအရေကို ၁.၅ စင်တီမီတာခန့် ခွာပြီး ပြောရပါမယ်။ မျက်နှာနဲ့ ဖုန်းကို နီးကပ်စွာ ထားပါက ဘက်တီးရီးယားများ သင့်အသားအရေထဲသို့ ကပ်ငြိသွားမှာဖြစ်ပြီး ဖုန်းကထွက်ရှိတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကလည်း သင့်ဦးနှောက်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဖုန်းအားသွင်းခြင်း

ဖုန်းအားသွင်းတဲ့အခါမှာလည်း သင်နဲ့ ဝေးဝေးမှာ ဖုန်းအားသွင်းပေးပါ။ တစ်ညတာလုံး ဖုန်းအားသွင်းခြင်းကိုလည်း အားမပေးပါဘူး။ ထိုကဲ့သို့ တစ်ညတာလုံး ဖုန်းအားသွင်းခြင်းက သင့်ဖုန်းဘက်ထရီရဲ့ သက်တမ်းကို တိုသထက်တိုစေလို့ပဲဖြစ်ပါတယ်။

ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်း

ခေါင်းအုံးအောက်မှာ ထားအိပ်ခြင်းကြောင့် လျှပ်စစ်သံလိုက်လှိုင်းများက သင့်ကို ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းတို့ကို ခံစားစေမှာဖြစ်ပြီး သင့်ရဲ့အိပ်စက်ခြင်းကိုလည်း အနှောင့်အယှက်ပေးပါတယ်။

ဒါ့အပြင် ဖုန်းအားသွင်းစဉ်မှာ ဖုန်းက မတော်တဆ ခေါင်းအုံးအောက်ထဲ ရောက်သွားပါက ဖုန်းက ထွက်ရှိတဲ့ အပူတွေက အပြင်သို့ မထွက်နိုင်တော့ဘဲ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သင်နဲ့ ဝေးဝေးမှာ ဖုန်းအားသွင်းခြင်းက အကောင်းဆုံးဖြစ်ပြီး တစ်ညတာလုံး ဖုန်းအားသွင်းခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။

သင့်ရဲ့ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများကိုလည်း ဒီအချက်လေးတွေ ပြန်လည်ဝေမျှပေးလိုက်ပါဦး။

Source: Brightside.me