မြန်မာနိုင်ငံမှာ ပထမဦးဆုံး စတင်ပြသတဲ့ ကိုရီးယားကားတွေထဲကတစ်ခုဖြစ်တဲ့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ကနေစပြီး ၂၀၁၈ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ “Encounter” ဇာတ်ကားအထိ မလွတ်တမ်းအားပေးခဲ့ရတဲ့ အွန်စော ခေါ် ဆောင်းဟေကိုရဲ့ပရိတ်သတ်တွေကတော့ သူမဇာတ်ကားသစ်ထွက်ဖို့ကို လည်တမော့မော့နဲ့ မျှော်နေကြမှာသေချာပါတယ်။
ဆောင်းဟေကိုရဲ့ မွေးနေ့ဒိတ်ကတော့ ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့ဖြစ်ပြီး အရပ်အမြင့် ၁၆၁ စင်တီမီတာရှိပါတယ်။ သွေးအမျိုးအစားကတော့ အေသွေးပိုင်ရှင်ဖြစ်ပြီး ကိုယ်အလေးချိန်က ၉၉ ပေါင်ပါ။ တောင်ကိုရီးယားနိုင်ငံရှိ Daegu မြို့မှာမွေးဖွားခဲ့ပြီး အသက် ၁၄ နှစ်အရွယ်မှာ ကျောင်းယူနီဖောင်းမော်ဒယ်လ်ပြိုင်ပွဲမှာ ဆုရရှိခဲ့ပါတယ်။ ကိုရီးယား၊ အင်္ဂလိပ်၊ Cantonese ဘာသာစကားသုံးမျိုးပြောနိုင်ပြီး Catholic ဘာသာဝင်တစ်ဦးလည်းဖြစ်ပါတယ်။
Big Bang အဖွဲ့ရဲ့ပရိတ်သတ်ဖြစ်ပြီး ဝါသနာအနေနဲ့ ခရီးသွားခြင်း၊ ရေခဲပြင်စကိတ်စီးခြင်း၊ ရေကူးခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ သိုးမွှေးထိုးခြင်းနဲ့ ရေမွှေးစုဆောင်းရတာတို့ကို ကြိုက်နှစ်သက်ပါတယ်။
မကြာသေးခင်က ထွက်ရှိထားတဲ့ သတင်းတွေအရ ဆောင်းဟေကိုတစ်ယောက် ဇာတ်ကားသစ်ထွက်လာတော့မှာဖြစ်ပြီး တချို့တဝက်ကို ရိုက်ကူးလို့ပြီးသွားပါပြီ။ အသက် ၄၀ နားနီးနေပြီဆိုပေမယ့်လည်း အခုချိန်ထိ အငယ်လေးတွေနဲ့ယှဥ်လိုက်ရင် အလှလုံးဝကျမသွားတဲ့ ဆောင်းဟေကိုရဲ့ပရိတ်သတ်တွေအတွက် သူမဇာတ်ကားသစ်မထွက်ခင် အလွမ်းပြေအနေနဲ့ သူမရိုက်ကူးထားတဲ့ ကြော်ငြာရိုက်ကူးရေးတွေက အမိုက်စားဓာတ်ပုံတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။