မင်္ဂလာပါ ပျိုမေတို့ရေ။ ပျိုမေတို့ထဲမှာ ဆံသားအရမ်းပျက်စီးလာလို့ ဘယ်ကစ ထိန်းသိမ်းရမှန်းမသိဘဲ ခေါင်းခြောက်နေရတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာမှာပါတဲ့ သဘာဝနည်းတွေက သင့်ကို ငွေကုန်သက်သာပြီး ဆံသားပြန်လည်သန်စွမ်းလာစေဖို့ ကူညီပေးနိုင်မှာပါ။

Photo Source: Salon Worthy Hair

ခဏခဏ ဆံပင်အရောင်ဆိုးတာ၊ အပူနဲ့ပုံသွင်းတာအပြင် နေရောင်ထိတာ၊ ခပ်ကြမ်းကြမ်းခေါင်းဖြီးတာနဲ့ အရည်အသွေးမကောင်းတဲ့ ခေါင်းလျှော်ရည်တွေသုံးမိတာ စတဲ့ ဆံသားပျက်စီးစေတတ်တဲ့ အကြောင်းအရင်းများစွာရှိတာမို့ ဒါတွေကိုကာကွယ်ဖို့ ဆံသားကို ပုံမှန်ဂရုစိုက်ပေးမှုရှိဖို့ အရေးကြီးပါတယ်။ ဒီတော့ ဆံသားပြန်လည်သန်စွမ်းချင်သူတွေပြုလုပ်ပေးသင့်တဲ့ လွယ်ကူထိရောက်တဲ့ သဘာဝပေါင်းတင်နည်း Hair Mask လေးတွေကို ကြည့်လိုက်ရအောင်။

၁။ ဆံသားပျက်စီးမှုသက်သာစေမယ့် Mask


ပါဝင်ပစ္စည်းအနေနဲ့ ထောပတ်ဇွန်းတစ်ဝက်၊ Mayo လေးပုံတစ်ပုံ၊ အုန်းဆီ၊ သံလွင်ဆီနဲ့ ပျားရည်တစ်ဇွန်းစီတို့ကို ရေအနည်းငယ်ထည့်ပြီး Blender ထဲမှာ ရောကြိတ်ပေးရမှာဖြစ်ပါတယ်။ ရလာတဲ့အနှစ်ကို ရေစွတ်ထားတဲ့ ဆံသားပေါ်လိမ်းပြီး Shower Cap လေးနဲ့မိနစ် ၂၀ ခန့်အုပ်ပြီး ပေါင်းတင်ထားပါ။ ဒီနည်းက ဆံသားပျက်စီးမှုတော်တော်များများကို သဘာဝအတိုင်းသက်သာစေပြီး ဆံပင်အစိုဓာတ်ရစေဖို့ ကူညီပေးပါလိမ့်မယ်။

၂။ အုန်းဆီနဲ့ သံလွင်ဆီ Mask


Dry Hair ပိုင်ရှင်တွေအတွက် ဆံသားပျက်စီးမှု အမြန်ဆုံးသက်သာစေမယ့် Mask ဖြစ်ပါတယ်။ အုန်းဆီနဲ့သံလွင်ဆီနှစ်မျိုးကို ဆတူရောပြီး သင့်ဆံသားတွေပေါ်လိမ်းကာ ဆံပင်ကို Bun ပုံစံထုံးထားလိုက်ပါ။ ပြီးနောက် မိနစ် ၃၀ လောက်ထားပြီး ခေါင်းပြန်လျှော်ချနိုင်ပါတယ်။ ဆံပင်ရှည်မြန်ချင်တဲ့သူတွေအနေနဲ့လည်း သွေးလည်ပတ်မှုကောင်းအောင် လေးမိနစ်ခန့်ခေါင်းငုံ့ထားပြီးနောက် ဒီနည်းအတိုင်း ဆီနှစ်မျိုးရောကာ ဦးရေပြားကို ဖြေးဖြေးချင်းနှိပ်နယ်လိမ်းပေးပြီး တစ်နာရီခန့်ထားတာမျိုးပြုလုပ်နိုင်ပါတယ်။

၃။ ဌက်ပျောသီးနဲ့ ပျားရည် Mask


ဒီနည်းအတွက် ကြိတ်ထားတဲ့ ဌက်ပျောသီးတစ်လုံး၊ ကြက်ဥတစ်လုံး၊ နွားနို့ သုံးဇွန်း၊ ပျားရည်သုံးဇွန်းနဲ့ သံလွင်ဆီငါးဇွန်းတို့ကို ရောမွှေပြီး သင့်ဆံသားပေါ်မှာ မိနစ် ၃၀ ခန့်လိမ်းပေးထားရမှာပါ။ အချိန်ပြည့်တဲ့အခါ ပုံမှန်အတိုင်းခေါင်းပြန်လျှော်ပေးရုံပါပဲ။ ပုံမှန်လုပ်ပေးမယ်ဆိုရင် စက်အပူတွေနဲ့ထိတွေ့မှုများလို့ ပျက်စီးနေတဲ့ ဆံသားကိုပြန်လည်သက်သာလာစေပြီး ဆံသားကိုနူးညံ့စေပါလိမ့်မယ်။

၄။ ထောပတ်သီးနဲ့ ကြက်ဥအနှစ် Mask

ထောပတ်သီးနဲ့ကြက်ဥနှစ်မျိုးစလုံးမှာ ပျက်စီးဆံသားကို ပြန်လည်သက်သာစေမယ့် အာနိသင်များစွာပါဝင်ပါတယ်။ ဒါကြောင့် ထောပတ်သီး တစ်ဝက်နဲ့ ကြက်ဥအနှစ်တစ်လုံးတို့ကို ရောပြီး အနှစ်ရတဲ့အထိ Blender နဲ့ထည့်ကြိတ်ပေးပါ။ သင့်ဆံသားကိုနှိပ်နယ်ကာလိမ်းပေးပြီး ရေနဲ့ပြန်မဆေးချခင်မှာ မိနစ် ၂၀ ခန့်ထားပေးရုံပဲဖြစ်ပါတယ်။

၅။ ဌက်ပျောသီးနဲ့ အုန်းဆီ Mask


ဆံသားအစိုဓာတ်ရစေပြီး ခြောက်သွေ့ပျက်စီးခြင်းသက်သာစေမယ့် ပေါင်းတင်နည်းတစ်မျိုးဖြစ်ပါတယ်။ ဆံသားရေဓာတ်ဖြည့်ပေးနိုင်တဲ့ အုန်းဆီတစ်ခွက်ခန့်ကို ဌက်ပျောသီးတစ်လုံး၊ ပျားရည်တစ်ဇွန်းတို့နဲ့ရောစပ်ကာ ဆံပင်အနှံ့နှိပ်နယ်ကာ လိမ်းပေးရမှာဖြစ်ပြီး ခေါင်းပြန်မလျှော်ခင်မှာ တစ်နာရီ၊ နှစ်နာရီအနည်းဆုံးပေါင်းတင်ထားတာမျိုးပြုလုပ်နိုင်ပါတယ်။

၆။ ဗီတာမင် E နဲ့ သံလွင်ဆီ Mask


ဗီတာမင် E အတောင့်သုံးလုံး၊ သံလွင်ဆီသုံးဇွန်းတို့ကို အုန်းဆီ တစ်ဇွန်း၊ ပျားရည်နှစ်ဇွန်းခန့်တို့နဲ့ပေါင်းပြီး သင့်ဆံသားကိုပေါင်းတင်ပေးတာကလည်း ဆံသားပျက်စီးမှုကိုသက်သာစေပြီး ဆံပင်အရှည်မြန်လာဖို့အတွက်ပါ ကူညီပေးနိုင်မှာပါ။ ရလာတဲ့အရောကို ဦးရေပြားတစ်ဝိုက်လိမ်းပေးပြီး တစ်နာရီလောက်ထားကာ ရေနဲ့ပြန်လျှော်ချပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar