Dry Skin ရှိသူတွေက ရာသီမရွေး အသားပတ်လွယ်ပြီး အရေပြားတင်းနေတတ်တဲ့အတွက် အစိုဓာတ် လုံလောက်စွာ ရဖို့ Moisturizer ပုံမှန်အသုံးပြုခြင်းနဲ့အတူ မှန်ကန်တဲ့ အသားအရေဂရုစိုက်မှုတွေလိုအပ်ပါတယ်။ အသားခြောက်ခြင်းသက်သာစေဖို့ ဂရုစိုက်ရာမှာ အလေ့အကျင့်နဲ့ ထိန်းသိမ်းနည်းအမှားတွေ ပြုလုပ်မိခြင်းက သင့်အသားအရေကို ပိုပျက်စီးစေတာကြောင့် ဒါတွေမဖြစ်ရအောင် Dry Skin သမားတွေ သတိထားဆင်ခြင် ရမယ့်အရာတွေအကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ မှားယွင်းတဲ့ Cleanser အသုံးပြုခြင်း

အသားခြောက်တဲ့သူတွေအနေနဲ့ အာနိသင်ပြင်းတဲ့ Cleanser တွေမသုံးမိအောင် သတိထားဖို့လိုပါတယ်။ ဒီလို Cleanser ထုတ်ကုန်တွေမှာ ဓာတုပစ္စည်းပါဝင်မှုပိုများတတ်တာကြောင့် သန့်စင်ပြီးတဲ့အခါ မျက်နှာပေါ်က သဘာဝအဆီတွေဖယ်ရှားမိပြီး အချိန်တိုအတွင်း အရေပြားကိုပြန်လည်ခြောက်သွေ့စေပါလိမ့်မယ်။

၂။ Exfoliating အလွန်အကျွံပြုလုပ်ခြင်း

အသားခြောက်တဲ့သူတွေက Exfoliating ပြုလုပ်တဲ့အကြိမ်ရေကိုလျှော့ချဖို့လိုပါတယ်။ အလွန်အကျွံ လုပ်မိမယ်ဆိုရင် အရေပြားပါးလာတာနဲ့ စပ်ဖျင်းဖျင်းဖြစ်တာတွေခံစားရတတ်တာကြောင့် နှစ်ပတ်ကို တစ်ခါလောက်ပဲပြုလုပ်ပေးသင့်ပါတယ်။ ပြုလုပ်တဲ့အခါ ပျားရည်နဲ့ Coffee စတဲ့ သဘာဝပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေကိုအသုံးပြုပေးပါ။

၃။ အဆီဓာတ်ပါဝင်တဲ့ အစားအသောက်မစားခြင်း

Omega-3 Fatty Acids တွေလို ကျန်းမာတဲ့အဆီဓာတ်တွေပါဝင်တဲ့ အစားအစာတွေက စိုပြေကြည်လင်တဲ့ အသားအရေရစေဖို့ အားဆေးတစ်ခုပါပဲ။ ဥပမာ ထောပတ်သီး၊ အဆီများတဲ့ငါး၊ ဥနဲ့ အစေ့အဆံတွေမှာပါတဲ့ အာဟာရအဆီအနှစ်တွေက အသားခြောက်သွေ့ခြင်းသက်သာအောင်ကူညီပေးနိုင်တာကြောင့် စားသုံးပေးဖို့ မမေ့သင့်ပါဘူး။

၄။ အနံ့ပြင်းတဲ့ မိတ်ကပ်ပစ္စည်းတွေအသုံးပြုခြင်း

မိတ်ကပ်နဲ့ Skincare တွေမှာထည့်တဲ့အနံ့တွေက ဓာတုပစ္စည်းတွေဖြစ်တာကြောင့် ခြောက်သွေ့တဲ့အသားအရေပေါ်အသုံးပြုလိုက်တဲ့အခါ အရေပြားစပ်ခြင်းနဲ့ အသားပါးခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အနံ့မပါတဲ့ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ။

၅။ Serum မသုံးခြင်း

အသားခြောက်တတ်တဲ့သူတွေအနေနဲ့ အသားအရေအတွက်လိုအပ်တဲ့ ရေဓာတ်နဲ့အာဟာရဓာတ်တွေ ဖြည့်ပေးနိုင်မယ့် Serum ပုံမှန်အသုံးပြုဖို့လိုပါတယ်။ များသောအားဖြင့် Hyaluronic Acid ပါဝင်တဲ့ Serum မျိုးကိုသုံးပေးပါ။ Serum အပြင် သင့်တော်တဲ့ သဘာ၀ Face Oil တွေကိုပါအသုံးပြုနိုင်ရင်ပိုကောင်းပါတယ်။

၆။ Coffee အသောက်များခြင်း

Coffee အလွန်အကျွံသောက်ခြင်းက ကိုယ်ခန္ဓာတွင်းရေဓာတ်ခန်းခြောက်စေတာကြောင့် အသားခြောက်တဲ့သူ တွေအနေနဲ့ Coffee သောက်တဲ့ပမာဏကိုလျှော့ချပေးဖို့လိုပါတယ်။

၇။ ဆပ်ပြာနဲ့မျက်နှာသစ်ခြင်း

အမွှေးဆပ်ပြာခဲတွေမှာ အာနိသင်ပြင်းတဲ့ ကြေးချွတ်ဆေးတွေပါဝင်တာကြောင့် ဆပ်ပြာနဲ့မျက်နှာသစ်တာက အသားအရေအတွင်းပိုင်းမှာရှိတဲ့ အဆီနဲ့အစိုဓာတ်တွေကို ဖယ်ရှားလိုက်သလိုဖြစ်ပြီး အရေပြားခြောက်သွေ့မှု ပိုဖြစ်စေပါတယ်။

၈။ Towel အကြမ်းနဲ့မျက်နှာသုတ်ခြင်း

မျက်နှာသစ်ပြီးနောက်မှာ Towel အကြမ်းတွေသုံးပြီး ရေသုတ်တာကလည်း သင်အရေပြားကို ခြောက်သွေ့လွယ်ပြီး အသားအရေပါးစေတာကိုသတိပြုပေးရပါမယ်။ တက်နိုင်သလောက် မျက်နှာကို ပွတ်မသုတ်ဘဲ နူးညံ့တဲ့ပုဝါအပါးတွေကိုအသုံးပြုပြီး ရေခြောက်တဲ့အထိ ခပ်ဖွဖွပုတ်ပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar