အလုပ်တကာ့အလုပ်တွေထဲကမှ မိဘအဖြစ် လုပ်ကိုင်ရတာက အခက်ခဲ၊ အပင်ပန်းဆုံးနဲ့ အမှားအလုပ်နိုင်ခြေအများဆုံး အလုပ်တစ်ခုပဲဖြစ်ပါတယ်။ မွေးလာကတည်းက လူတိုင်းအမှားနဲ့မကင်းဘူးဆိုပေမယ့်လည်း သားသမီးတွေကိုပျိုးထောင်ခြင်းနဲ့ ပတ်သက်လာရင်တော့ အတတ်နိုင်ဆုံး အမှားမလုပ်မိအောင် ကြိုးစားရမှာပါ။

ကိုယ်လုပ်လိုက်မိတဲ့၊ ကိုယ်ပြောလိုက်မိတဲ့ အမှားတစ်ခုကြောင့် ကလေးတွေအရွယ်ရောက်လာတဲ့အခါမှာ ကိုယ့်ဆီတန်ပြန်ဟပ်လာနိုင်တဲ့အတွက် သားသမီးတွေငယ်စဥ်အရွယ်ကတည်းက ပျော်ရွှင်ကျန်းမာတဲ့ကလေးတွေအဖြစ် ကြီးပြင်းလာစေဖို့ ထိန်းကျောင်းသင့်တဲ့ နည်းမှန်လမ်းမှန်တွေကို မိဘတိုင်းအတွက် ပညာရှင်များက မျှဝေပေးထားပါတယ်။

ကလေးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်ချတတ်ပါစေ

ကိုယ်ရဲ့သားသမီးကို ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ကိုယ်ပိုင်ရွေးချယ်မှုတွေ ပြုလုပ်ခွင့်ပေးခြင်းအားဖြင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကို ပိုပြီးဖွံ့ဖြိုးစေပါတယ်။ ဒီလိုမဟုတ်ဘဲ အရာရာတိုင်း ကိုယ်စားလိုက်ဆုံးဖြတ်ပေးနေမယ်ဆိုရင်တော့ သားသမီးတွေအနေနဲ့ ကိုယ့်ဘဝကို ကိုယ်မပိုင်ဘူးဆိုကာ စိတ်ဖိစီးမှုတွေ၊ ပူပန်သောကတွေကို ကြုံတွေ့လာရပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ရွေးချယ်ခွင့်ပေးပြီး ဘေးနားကနေ အမှားမလုပ်မိအောင် အကြံပေးတည့်မတ်ပါ။

အပြစ်တင်ဝေဖန်တာ၊ သူများနဲ့ခိုင်းနှိုင်းတာတွေ မလုပ်မိအောင်ရှောင်ပါ

Source: iStock

ချီးမွမ်းတာကနည်းနည်း အပြစ်တင်ဝေဖန်တာကများများဆိုရင် ကလေးရဲ့သိက္ခာကိုထိခိုက်လာစေကာ သူတို့ကို မိသားစုဆိုတဲ့ခံစားချက်မပေးတော့ဘဲ အပြင်လူတစ်စိမ်းလောက်တောင် အကောင်းမမြင်ဘူးဆိုတဲ့ အတွေးတွေ ဝင်သွားစေနိုင်ပါတယ်။

သူ့အမှားသူသိကာ ကိုယ်တိုင်ပြန်ပြင်တတ်ပါစေ

လုပ်လိုက်မိတဲ့အမှားကနေပြီး သင်ခန်းစာတွေသင်ယူရတာဖြစ်တဲ့အတွက် သားသမီးရဲ့အမှားတွေကို ဖုံးကွယ်ကာဆီးတာမျိုးလုပ်ခြင်း၊ ဘာကမှားတယ်၊ ဘာကြောင့်မှားတယ်၊ ဘယ်လိုအမှန်ပြင်ရမလဲ စတဲ့ သေချာရှင်းလင်းချက်တွေနဲ့ အမှန်သင်ယူခွင့်မပေးဘဲ ကိုယ်ကအစားဝင်ပြီးဖြေရှင်းတာမျိုးမလုပ်မိအောင် အထူးရှောင်ပါ။

စကားပြောလျော့ပြီး ပိုနားထောင်ပေးပါ

Source: Being the Parent

သားသမီးထိန်းကျောင်းတဲ့နေရာမှာ သူတို့လေးတွေပြောပြတာကို နားထောင်ပေးခြင်းကလည်း မိဘတစ်ယောက်ရှိကိုရှိရမယ့် အရည်အချင်းတွေထဲကတစ်ခုပါပဲ။ တစ်ခါတစ်လေ ပြဿနာတစ်ခုဖြစ်လိုက်တာနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကနေစဖြစ်တာလဲ၊ စတဲ့အချက်တွေကို အရင်နားမထောင်ဘဲ အရင်ဆုံးအပြစ်ပြောတတ်တဲ့အကျင့်ကိုစွန့်လွှတ်ပါ။ သူတို့လေးတွေပြောပြတာကို သေချာနားထောင်ပေးခြင်းဖြင့် မိဘတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ချစ်ခြင်းမေတ္တာနဲ့ အားပေးမှုတို့ကို ပြသရာရောက်ပါတယ်။

တာဝန်ဝတ္တရားတွေကို မပျက်ကွက်မိပါစေနဲ့

ကလေးမို့လို့ ကလေးသဘာဝ ဆော့မှာပေါ့၊ အလုပ်ခိုင်းရမယ့်အရွယ်လား ဆိုပြီး တချို့မိဘတွေက ယုံကြည်တွေးတောတတ်ကြပါတယ်။ ဘယ်မိဘမှ ကိုယ့်သားသမီးကို ခိုင်းစားချင်ကြတာမဟုတ်ဘဲ ကောင်းစားစေချင်လို့တောင် ပညာတတ်ကြီးတွေဖြစ်ဖို့ တွန်းအားပေးနေကြတာမဟုတ်ပါလား။ အခုလိုမျိုး သူတို့ကိုခိုင်းသင့်တဲ့ “အလုပ်” ဆိုတာကလည်း သူတို့ရဲ့အသက်အရွယ်နဲ့ သင့်တင့်မျှတတဲ့ အိမ်အလုပ်ကလေးတွေကို တဖြည်းဖြည်းလုပ်ခိုင်းရင်းနဲ့ တာဝန်ဝတ္တရားသိတတ်တဲ့လူတော်လူကောင်းတွေအဖြစ် ကြီးပြင်းလာအောင် ငယ်စဥ်ကတည်းက ထိန်းကျောင်းယူခိုင်းတာဖြစ်ပါတယ်။

အတင်းအကြပ်ဖိအားမပေးပါနဲ့

ကိုယ့်သားသမီးကို အကောင်းဆုံးဖြစ်စေချင်ကြတာ မိဘတိုင်းရဲ့စိတ်ထားပါ။ ဒါပေမယ့် သူတို့အတွက် ဖြစ်စေချင်တာကိုအကြောင်းပြပြီး ကိုယ့်လောဘကြောင့် ကလေးကလိုက်ပြီး အတင်းဖြည့်ဆည်းပေးရမယ်ဆိုတာကတော့ အမှားကြီးမှားနေပါပြီ။ ဦးစွာသိထားရမှာက ကိုယ့်သားသမီးက ဘက်စုံမတော်နိုင်ဘူးဆိုတာကို နားလည်သဘောပေါက်ဖို့ဖြစ်ပြီး အမြဲတမ်း တခြားသူတွေထက် သာနေဖို့အတွက် အပြစ်ပေးဆူပူကြိမ်းမောင်းမယ့်အစား သူတို့ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတို့အပေါ်သာ အလေးထားဂရုစိုက်ရမှာဖြစ်ပါတယ်။

အစစအရာရာ လိုက်မလုပ်ပေးပါနဲ့

သူတို့ကိုယ်တိုင် ပြင်ဆင်လုပ်ယူနိုင်တဲ့ ကိစ္စအသေးအဖွဲလေးတွေကအစ မိဘဖြစ်တဲ့သင်က အနောက်ကနေလိုက်ပြီး အစစအရာရာလိုက်လုပ်ပေးတာမျိုးထက် ကိုယ်တိုင်လုပ်ယူတတ်အောင် သင်ကြားကြပ်မတ်ပေးပါ။ ဒီလိုထိန်းကျောင်းပေးခြင်းအားဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ရပ်တည်နိုင်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ လူကြီးတွေအဖြစ် ကြီးပြင်လာမှာဖြစ်ပါတယ်။

Source: BrightSide

By MyStyle Myanmar