မျက်နှာအသားအရေ ထိန်းသိမ်းချင်သူများအတွက်ကတော့ သင်္ဘောသီးကို မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ဓာတုပစ္စည်းများ မပါဝင်ဘဲ သဘာဝပစ္စည်းတွေနဲ့သာ ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် စိတ်ပူစရာမလိုပါဘူး။

သင့်အနေနဲ့ မိမိရဲ့အသားအရေအမျိုးအစားပေါ် မူတည်ပြီး အခုဖော်ပြပေးမယ့် နည်းလမ်းများကို ပြောင်းလဲအသုံးပြုလိုက်ရုံပါပဲ။

အသားအရေခြောက်သွေ့သောသူများအတွက်

သင်္ဘောသီးမှည့် ပန်းကန်လုံး တစ်ဝက်စာ၊ နွားနို့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ သင်္ဘောသီးကို အတုံးသေးသေးလေး တုံးပြီးနောက် အနှစ်များဖြစ်သွားအောင် ချေမွလိုက်ပါ။

ထို့နောက် ပျားရည်နှင့် နွားနို့တို့ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာနှင့် လည်ပင်းတစ်ဝိုက်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်၊ မိနစ် ၂၀ ကြာရင်တော့ မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် ၁ ကြိမ် (သို့) ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။

ဝက်ခြံသမားတွေအတွက်

သင်္ဘောသီးမှည့် ပန်းကန်လုံးတစ်ဝက်စာ၊ ပျားရည်နှင့် သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီတို့ လိုအပ်ပါလိမ့်မယ်။ သင်္ဘောသီးများကို အတုံးသေးသေးလေးတုံးပြီးနောက် ချေမွထားလိုက်ပါ။

ထို့နောက် ပျားရည်နှင့် သံပုယိုရည်တို့ထည့်ကာ သမအောင် ထပ်မွှေပါ။ ပြီးရင်တော့ မျက်နှာနှင့် လည်ပင်းတစ်ဝိုက်ပေါ်တွင် သုတ်လိမ်းလိုက်ပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ကြာမှ ရေအေးအေးလေးဖြင့် မျက်နှာသစ်လိုက်ပါ။ သုံးရက် (သို့) လေးရက်ခြားတစ်ခါ မျက်နှာပေါင်းတင်ရပါမယ်။

ချွေးပေါက်ကျယ်သူများအတွက်

သင်္ဘောသီးမှည့် ပန်းကန်လုံးတစ်ဝက်စာနှင့် ကြက်ဥအကာ ၁ လုံးတို့ လိုအပ်ပါလိမ့်မယ်။ သင်္ဘောသီးကို ချေမွပြီးနောက် ကြက်ဥအကာဖြင့် သမအောင် မွှေပေးလိုက်ပါ။

ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် လိမ်းကျံပေးလိုက်ပါ။ ၁၅ မိနစ်ကြာမှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးရပါမယ်။

အဆီပြန်သူများအတွက်

သင်္ဘောသီးမှည့်တစ်လုံးနှင့် လိမ္မော်သီးစိပ် ၅ စိပ် (သို့) ၆ စိပ်ခန့် လိုအပ်ပါလိမ့်မယ်။ အရင်ဦးဆုံး သင်္ဘောသီးကို အတုံးသေးသေးလေးတုံးကာ ချေမွလိုက်ပါ။ လိမ္မော်သီးစိပ်ကိုတော့ အဖတ်မပါစေဘဲ အရည်သီးသန့် ညှစ်ထားလိုက်ပါ။

ပြီးရင်တော့ သင်္ဘောသီးနဲ့ လိမ္မော်ရည်ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ပြည့်မှ မျက်နှာသစ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းလေးကိုတော့ တစ်ပတ်လျှင် နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။