ညဘက်အိပ်တဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်းလုပ်ငန်းစဉ်တွေ လည်ပတ်နေဆဲဖြစ်တာကို ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။ ညအိပ်ချိန်ဆိုတာ ဦးနှောက်၊ ခန္ဓာကိုယ်ကြွက်သားနဲ့အစိတ်အပိုင်းတွေအတွက် ဆဲလ်သစ်ပြန်လည်ပြုပြင်ခြင်းနဲ့ အားပြန်ဖြည့်တဲ့လုပ်ငန်းစဉ်တွေပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ အသားအရေထိန်းသိမ်းမှုပြုလုပ်ပေးတာက နောက်တစ်နေ့မနက်မှာစိုပြေလှပနေစေဖို့ အထောက်အပံ့တစ်ခုပါပဲ။ ဒီတော့ ကြည်လင်တဲ့အသားအရေနဲ့နိုးထနိုင်ဖို့ မအိပ်ခင်ပြုလုပ်ပေးသင့်တဲ့ အလှအပထိန်းသိမ်းနည်းတွေ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

၁။ အရေးအကြောင်းတွေလျော့ချဖို့


ညဘက်မှာ Night Cream ဒါမှမဟုတ် Serum တွေကိုပုံမှန်သုံးပေးရပါမယ်။ ဒါ့အပြင် အသားအရေသန့်စင်စေဖို့ တစ်ပတ်နှစ်ခါလောက် Sleeping Mask ကိုပါအသုံးပြုပေးသင့်ပါတယ်။ အစိုဓာတ်များပြီး မျက်နှာတင်းရင်းစေတဲ့ Hyaluronic Acid ပါဝင်တဲ့ Sleeping Mask တစ်မျိုးကို ညဘက် မျက်နှာသစ်ပြီးနောက်မှာ နှိပ်နယ်ပြီးစိမ့်ဝင်အောင်လိမ်းထားပေးရပါမယ်။ ပြီးနောက်မနက်ပိုင်းမှာ မျက်နှာပြန်သစ်ပေးပါ။

၂။ ကြမ်းတမ်းခြောက်သွေ့တဲ့ ခြေထောက်အသားအရေမဖြစ်စေဖို့


ခြောက်သွေ့ပြီးခြေဖဝါးကွဲခြင်းတွေမဖြစ်စေဖို့ အိပ်ရာမဝင်ခင်မှာ Vaseline ဒါမှမဟုတ် အစိုဓာတ်ထိန်းခရင်မ်ခပ်ထူထူလိမ်းပေးပြီး အိပ်တဲ့အခါ ချည်သားခြေအိတ်စွတ်အိပ်သင့်ပါတယ်။ ခြေအိတ်စွပ်ပြီးအိပ်တာက လိမ်းထားတဲ့ခရင်မ်တွေကိုစိမ့်ဝင်စေတဲ့အပြင် သွေးလည်ပတ်မှုကောင်းပြီး ခြေထောက်အသားအရေကို နူးညံ့ချောမွတ်စေပါတယ်။

၃။ နှုတ်ခမ်းစိုစိုဖူးဖူးလေးဖြစ်နေစေဖို့


မနက်ခင်းမှာသင့်နှုတ်ခမ်းသားနူးညံ့စိုပြေနေဖို့အတွက် ဗာဒံဆီ ဒါမှမဟုတ် သံလွင်ဆီအနည်းငယ်ကို နှုတ်ခမ်းပေါ်မှာ ညတိုင်းလိမ်းအိပ်ဖို့အကြံပြုချင်ပါတယ်။

၄။ လက်သည်းတွေနူးညံ့စေဖို့


အိပ်ခါနီးမှာ အုန်းဆီအနည်းငယ်ကို ဝါဂွမ်းနဲ့တို့ပြီး လက်သည်းတစ်ဝိုက်ကိုလိမ်းပေးသင့်ပါတယ်။ သင့်လက်သည်းတွေကိုအစိုဓာတ်ပြည့်စေပြီးသန်မာလာစေမှာပါ။

၅။ မျက်တောင်ရှည်ရှည်တွေပိုင်ဆိုင်ဖို့


အိပ်ခါနီး Eye Serum လိမ်းပေးပါ။ ဈေးသက်သာတာ လိုချင်သူတွေအတွက် Eye Serum အပြင် သဘာဝကြက်ဆူဆီကို မျက်တောင်အဖျားတွေအပေါ် ခပ်ဖွဖွလိမ်းပေးနိုင်ပါတယ်။ နှစ်လနီးပါးစွဲလိမ်းပေးတာနဲ့ သိသိသာသာရှည်လာတာကိုတွေ့ရမှာပါ။

၆။ လက်အသားအရေ နူးညံ့စိုပြေနေစေဖို့


မနက်ပိုင်းမှာ နူးညံ့စိုပြေတဲ့ လက်အသားအရေရရှိစေဖို့ သကြားညိုနဲ့သံလွင်ဆီကိုသုံးပြီး တစ်မိနစ်ခန့် Scrub လုပ်ပေးပါ။ ရေဆေးပြီးနောက် Hand Cream ဒါမှမဟုတ် Vitamin E ဆီကိုနှိပ်နယ်ပြီးလိမ်းပေးပါ။ ပြီးနောက် လက်အိတ်ဝတ်ပြီး အိပ်ရာဝင်ပါ။

၇။ တောက်ပတဲ့အသားအရေအတွက်


အိပ်ခါနီးမှာ Vitamin E ဒါမှမဟုတ် သံလွင်ဆီခပ်ပါးပါးကို အသားထဲစိမ့်ဝင်တဲ့အထိ နှိပ်နယ်ပြီး လိမ်းပေးနိုင်ပါတယ်။

၈။ ဝက်ခြံထွက်ခြင်း သက်သာစေဖို့


မနက်ပိုင်းသွားစရာရှိတဲ့နေ့မှာမှ စိတ်ညစ်စရာဝက်ခြံတွေ ထွက်လာတတ်တာမျိုးဖြစ်ဖူးကြမှာပါ။ ဒီလို ဝက်ခြံ Breakout ဖြစ်ခြင်းတွေ မသိသာစေဖို့ သွားတိုက်ဆေး Gel အမျိုးအစားတစ်ခုကို အိပ်ခါနီး ဝက်ခြံထွက်တတ်တဲ့ နေရာတွေမှာ အနည်းငယ်လိမ်းထားပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar