အလုပ်အတွက် အင်တာဗျူးဖြေတဲ့အခါ လူတိုင်းကတော့ အနည်းနဲ့အများ စိတ်လှုပ်ရှားပြီး အမှားတွေလုပ်မိတတ်ကြပါတယ်။ ဒီလို အမှားလုပ်မိရင် အင်တာဗျုးအတွက်လည်း ရလဒ်မကောင်းဖြစ်စေတာမလို့ အင်တာဗျူးဖြေတဲ့အခါ အမှားတွေကို ရှောင်နိုင်ဖို့ ဖြစ်တတ်တဲ့အမှားလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေက CV ထဲမှာ အကုန်ပါပြီးသားမလို့ သာမာန်အချက်အလက် သေးသေးလေးတွေကို ပြောနေမယ့်အစား ကိုယ့်ရဲ့ အရည်အချင်း ၊ အတွေ့အကြုံ ၊ လုပ်နိုင်စွမ်းကို မြင်သာအောင် ပြောပြပါ။

ကိုယ့်အကြောင်းကို ပြောပြတဲ့အခါမျိုးမှာ မလိုအပ်ဘဲ အများကြီးပြောတာမျိုး မဟုတ်ဘဲ ကိုယ့်ရဲ့ အတွေ့အကြုံက ကုမ္ပဏီရဲ့ ရည်မှန်းချက် ၊ လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိကြောင်း ၊ အလုပ်အတွက် အဆင်သင့်ဖြစ်နေကြောင်းကို အသားပေးပြောပါ။

အရင်ကလုပ်ခဲ့တဲ့အလုပ်အကြောင်းမေးတဲ့အခါ အဆင်မပြေမှုတွေ ၊ သူဌေးဟောင်းရဲ့မကောင်းကြောင်းတွေ ပြောတာမျိုးရှောင်ပါ။ ကိုယ့်အရည်အချင်းကို ဖော်ဖို့ သူများကိုဆင်ခြေလုပ်ပြောတာတွေက သင့်အပေါ် အထင်အမြင်သေးစေပါတယ်။

အင်တာဗျူးသွားတဲ့အခါ ကိုယ့်ရဲ့အသွင်အပြင်ကလည်း အရေးကြီးပါတယ်။ အကောင်းစားဝတ်ဖို့မလိုအပ်ပေမယ့် ပြင်ပြင်ဆင်ဆင်နဲ့ သပ်သပ်ရပ်ရပ်ဝတ်စားဖို့ မမေ့ပါနဲ့။

အင်တာဗျူးအတွက် မေးတဲ့မေးခွန်းတွေကို ဖြေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုအပ်ပါတယ်။ ဒီလိုမဟုတ်ဘဲ မဝံ့မရဲပုံစံမျိုးဖြစ်နေရင်တော့ သင့်ကိုရွေးဖို့ စဉ်းစားစရာဖြစ်သွားပါလိမ့်မယ်။