K-Dramas တွေဟာ သူတို့တွေရဲ့ အချစ်ဇာတ်လမ်းတွေ၊ စွန့်စားခန်းတွေ၊ ဟာသ၊ ဆန်းကြယ်လှတဲ့ ဇာတ်အိမ်တို့ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်အလွန်များလျက်ရှိနေပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာ ပင်ပန်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးကူညီပေးနိုင်ပါတယ်။

ရသမျိုးစုံ၊ ခံစားချက်မျိုးစုံကို ပေးစွမ်းနိုင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတွေဟာဆိုရင် နိုင်ငံတွင်းမှာသာမက ကမ္ဘာမှာပါ ရေပန်းစားလူကြိုက်များလျက်ရှိနေပါတယ်။

ပိတ်ရက်တွေမှာ မိုးရွာလို့ အပြင်မသွားဖြစ်ဘဲ အိမ်တွင်းအောင်းနေရင်း ဒရမ်မာဇာတ်ကားကောင်းကောင်းကြည့်ဖို့ ရှာဖွေနေသူတွေအတွက် တချိန်က အင်မတန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားငါးကားကို မျှဝေပေးချင်ပါတယ်။

အကယ်လို့ ဒီကားတွေထဲက တစ်ကားတစ်လေလောက်မကြည့်ရသေးဘူးဆိုရင်လည်း မှတ်ထားနိုင်သလို ကိုယ်က အကုန်လုံးကြည့်ပြီးပြီဆိုရင်လည်း သူငယ်ချင်းမိတ်ဆွေတွေအတွက် ပြန်လည်ဝေမျှပေးလိုက်ပါဦးနော်။

ဘယ်လိုဇာတ်လမ်းလေးတွေဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

My Girl

Source: Amino Apps

ဒီဇာတ်လမ်းတွဲလေးက ၂၀၀၅ ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်များ ပါဝင်ထားကြပါတယ်။ သူတို့တွေကတော့ သေမင်းလို့ချစ်စနိုးခေါ်ကြတဲ့ Lee Dong-Wook, ချိုဝမ်လို့လူသိများတဲ့ Lee Da-hae, K လို့ ခေါ်ကြတဲ့ Lee Joon-gi, ဇာတ်ပို့နေရာတွေမှာ အမြဲသရုပ်ဆောင်လေ့ရှိတဲ့ Park Si-yeon တို့ပဲဖြစ်ပါတယ်။ ၁၅ နှစ်တာကြာမြင့်သွားခဲ့ပြီဆိုပေမယ့်လည်း ယနေ့ချိန်ထိ ပြန်ကြည့်လည်းမရိုးနိုင်တဲ့ ဇာတ်ကားတွေထဲမှာပါဝင်နေဆဲပါ။ ဒီဇာတ်ကားထဲက နောက်ခံတေးသီချင်းလေးတွေကလည်း ကောင်းတာမို့ ရှာပြီးနားထောင်ကြည့်ကြည့်နော်။

Time Between Dog And Wolf

Source: The Movie Database

ဒီဇာတ်ကားကလည်း ၂၀၀၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ အင်မတန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ခုပါ။ မင်းသား Lee Joon-gi ကို မြန်မာပရိတ်သတ်တွေ K ဆိုပြီး စတင်သိကျွမ်းခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မင်းသား Lee Joon-gi အပြင် Hospital Playlist ထဲက မင်းသား Jung Kyung-ho နဲ့ ‘Sweet Spy’ ဇာတ်ကားထဲက မင်းသမီး Nam Sang-mi တို့ပါဝင်ထားပါတယ်။ အက်ရှင်ကြိုက်သူတို့အတွက် ဇာတ်ကားကောင်းတစ်ခုပါ။

Sungkyunkwan Scandal

Source: Gia Allana

ဆောင်ကျန်ကွမ် အရှုပ်တော်ပုံ ဆိုပြီး နာမည်ခေါ်တွင်တဲ့ Sungkyunkwan Scandal ဇာတ်ကားကတော့ သိပ်ပြီးအထူးတလည်မိတ်ဆက်နေစရာလိုမယ်မထင်ပါဘူး။ ၂၀၁၀ တုန်းကတည်းက ထွက်ရှိခဲ့တာဆိုတော့ အခုဆို ၁၂ နှစ်တောင် ကြာမြင့်ခဲ့ပါပြီ။ သီချင်းလေးတွေရော ဇာတ်လမ်းကပါ လူကြိုက်များလှလို့ ဝေမျှပေးလိုက်ရပါတယ်နော်။

All In

Source: Kdramalove.com

၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ All In ဇာတ်ကားမှာတော့ ဒိတ်ဒိတ်ကျဲ နာမည်ကြီး မင်းသားမင်းသမီးတွေ ပါဝင်ထားပါတယ်။ မင်းသား လီဗြောင်ဟွန်း၊ မင်းသမီး ဆောင်းဟေကို၊ မင်းသမီး ဟန်ဂျီမင်၊ မင်းသား ဂျီဆောင်း၊ မင်းသမီး Park Sol-mi တို့ ပါဝင်ထားတဲ့ တကယ့်ဇာတ်ကားကောင်းတစ်ခုပါ။

Delightful Girl Chun Hyang

Source: Wiki Di Addictics

၂၀၀၅ ခုနှစ်တုန်းက KBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ သူလည်းပဲ တစ်ခေတ်တစ်ခါတုန်းက အင်မတန်လူကြိုက်များခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကြောင့်ပဲ မင်းသား Jae Hee ကို မြန်မာပရိတ်သတ်တွေက အီမုံရုံလို့ အသိများကြပြီး ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်ကားထဲက ဂျွန်စောရဲ့ ညီမအရင်းအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး Han Chae-young က ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားပါတယ်။