တကယ်က ကောင်မလေးတစ်ယောက် ချစ်မိလာရင် သူလည်း အချစ်ကို တစ်နည်းနည်းနဲ့ မြင်သာအောင် ဖော်ပြတတ်ပါတယ်။ အခုပြောမယ့် သင်္ကေတတွေထဲက တစ်ခုခုနဲ့ပေါ့။

(၁) သူနဲ့ စကားပြောတိုင်း ပြုံးရယ်တတ်တယ်

တစ်ခု ဖြည့်ပြီး ပြောချင်တာက တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေနဲ့ စကားပြောရင်း သူရှိတဲ့ဘက်ကို ဖျပ်ခနဲ လှည့်ကြည့်ကြည့်ပြီး ရီတတ်တာကလည်း သူ့အပေါ် စိတ်ဝင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်မလေးတစ်ယောက်ဟာ သူစိတ်ဝင်စားတဲ့ကောင်လေးကို ကြည့်လိုက်တိုင်း သူ့မျက်လုံးတွေဟာ ကြည်ကြည်နူးနူး ပြုံးတဲ့အရိပ်အယောင် ပေါ်လာတတ်ပါတယ်။

တစ်ခါတစ်လေ သူပြောလိုက်တဲ့ ဟာသလေးတစ်ခုပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောတတ်တာဟာလည်း ရှေ့ဆက်တိုးဖို့ အလားအလာကောင်းတဲ့ သဘောပါပဲ။

(၂) မျက်လုံးချင်း ဆုံအောင် လုပ်တယ်

မျက်လုံးတွေဟာ သိပ်ကို စွမ်းအားကြီးပါတယ်။ အထူးသဖြင့် ကိုယ်ရင်ခုန်နေသူရဲ့ မျက်လုံးတောက်တောက်လေးတွေကို မြင်ရတဲ့ အခါမျိုးမှာဆို ခြေဖျားလက်ဖျားတွေပါ အေးတဲ့အထိ စွမ်းအားရှိပါတယ်။ ကောင်လေးတစ်ယောက်နဲ့ ခဏခဏ အကြည့်ချင်း ဆုံနေတတ်ပြီး သူ့အကြည့်တိုင်းဟာ ရွှန်းလဲ့နေတယ်ဆိုရင် အတော်လေးကို အခြေအနေကောင်းနေပါပြီ။

သူ့ရှေ့မှာ ခဏတိုင်းဆိုသလို ဆံပင်တွေ သပ်တင်တာ ၊ လက်ကို ဘယ်လို ထားရမလဲ အိုးတိုးအမ်းတမ်း ဖြစ်နေတာဟာ အဆင်ပြေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

(၃) သူ့ကို အကူအညီတောင်းတယ်

ရုံးမှာဆို အသေးအဖွဲအကူအညီလေးတွေ ခဏခဏတောင်းတတ်တဲ့ ကောင်မလေး ၊ ကျောင်းမှာဆို စာသွားသွားမေးတတ်တဲ့ (တစ်ချို့သူတွေကိုတော့ သူတို့ကပဲ စာပြန်ပြန်ရှင်းပြတာတို့ ၊ ကျောင်းပျက်တဲ့ နေ့အတွက် စာကူးပေးထားတာတို့ ) ကောင်မလေးတစ်ယောက်ရှိနေရင် ထူးဆန်းတယ်လို့ အတွေးများ မဝင်မိဘူးလား။ မိန်းကလေးတွေဟာ ကောင်လေးတစ်ယောက်ကို အကြောင်းမဲ့ ခဏတိုင်း အကူအညီမတောင်းတတ်ပါဘူး။

ဒီလိုမျိုး အကူအညီလာတောင်းတယ်ဆိုတာဟာ နှစ်ဦးသားအကြား တံတားတစ်စင်းထိုးပေးထားတာပါ။ ဖွင့်ပြောရဲတဲ့နေ့ ရောက်ဖို့ရှေ့တစ်လှမ်းတိုးလိုက်တာလည်း ဖြစ်ပါတယ်။

(၄) သူ့ဘဝကို စိတ်ဝင်စားတယ်

လူတစ်ယောက်ရဲ့ ပုဂ္ဂလိကဘဝအကြောင်း သိချင်တဲ့ အပြင်လူ များများစားစား မရှိပါဘူ။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်အခန်းဖြစ်ပြီး ပြင်ပနယ်ပယ်နဲ့ ကင်းလွတ်နေတဲ့ ဇုန်တစ်ခုလည်း ဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ဟာ သူဖြတ်သန်းခဲ့တဲ့ ဘဝပေါ် စိတ်ဝင်စားခြင်းဟာ သူ့အပေါ် စိတ်ဝင်စားတာလို့ မှတ်ယူနိုင်ပါတယ်။ တကယ်လို့ ကံကောင်းမယ်ဆိုရင် ဒီအနေအထားဟာ သူစိမ်းဘဝကနေ ပိုပြီး နီးစပ်တဲ့ ဘဝကို သွားဖို့ အခွင့်အရေးလည်း ဖြစ်နိုင်ပါတယ်။

(၅) မက်ဆေ့တွေ ပို့တယ်

ဒီခေတ်မှာ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် တွေ့ပြီး စကားပြောဖို့ ခက်လာပါပြီ။ အွန်လိုင်းမှာ Facebook မှာပဲ စကားတွေ ပြောဖြစ်ကြတာပါ။ ဒါပေမယ့်လည်း မိန်းကလေးအသိတစ်ယောက်က သူ့ကို မက်ဆေ့တွေ ခဏခဏ ပို့လာပြီဆိုရင် ထူးဆန်းလာပါပြီ။

ပုံမှန်ဆို မိန်းကလေးတွေဘက်က သူနဲ့ သိပ်မရင်းနှီးတဲ့သူကို အချိန်ပေးပြီး စကားပြောလေ့ မရှိပါဘူး။ ဒါဟာ သူ့ကို စိတ်ဝင်စားနေတဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။

By MyStyle Myanmar