အခုချိန်လိုမျိုး ကိုဗစ်ရောဂါဖြစ်နေလို့ ဘယ်မှလည်းမသွားရ၊ ဘာမှလည်းမလုပ်ရဘဲ အိမ်မှာပဲငုတ်တုပ်ဖြစ်နေချိန်မှာ အပျင်းပြေစေဖို့အတွက် ရုပ်ရှင်ကားတွေ၊ ဇာတ်လမ်းတွဲတွေကြည့်လိုက် သီချင်းနားထောင်လိုက်နဲ့ တစ်နေ့တစ်နေ့ကို အချိန်ကုန်နေရပါတယ်။ တစ်လပြီးတစ်လ ကူးပြောင်းလာရာကနေ အခုဆိုရင် နိုဝင်ဘာလကိုတောင် ရောက်ရှိလို့လာပါပြီ။ နှစ်သာကုန်တော့မယ် အခုထိကို အပြင်ထွက်လို့ မဖြစ်နိုင်သေးဘူး ဆိုရင်တော့ ဒီလထဲမှာရော ဘယ်ကားလေးတွေက ကြည့်လို့ကောင်းမလဲဆိုတာကို MyStyle Myanmar ရဲ့ ချစ်ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးမယ်နော်။

Birthcare Center

ဒီဇာတ်ကားလေးထဲမှာတော့ နာမည်ကျော်မင်းသမီးတွေဖြစ်ကြတဲ့ Uhm Ji Won, Park Ha Sun, Jang Hye Jin တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Oh Hyun Jin (Uhm Ji Won) ဟာ သူမရဲ့ကုမ္မဏီမှာ အငယ်ဆုံး Executive တစ်ဦးဖြစ်ပေမယ့်လည်း သူမနေနေတဲ့ မီးဖွားပြီးမိခင်များ ပြန်လည်အနားယူတဲ့စင်တာမှာတော့ အသက်အကြီးဆုံး မိခင်တစ်ယောက်ဖြစ်ပါတယ်။ ထိုစင်တာမှာနေရင်းနဲ့ အခြားမိခင်တွေနဲ့ ပေါင်းသင်းဆက်ဆံရင်း မိခင်တစ်ယောက်ရဲ့အခန်းကဏ္ဍကို ဘယ်လိုမျိုး တဖြည်းဖြည်းအသားကျအောင် ကြိုးစားသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။

Live On

နှုတ်ခမ်းနီမလေးတွေအသည်းစွဲ NU’EST အဖွဲ့ဝင် Minhyun ကတော့ ဒီဇာတ်ကားထဲမှာ Go Eun Taek ဆိုတဲ့ ဘက်စုံတော် ကောင်လေးဖြစ်ပြီး သူတက်နေတဲ့ အထက်တန်းကျောင်းက broadcasting club ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ မင်းသမီး Jung Da Bin ကတော့ social media influencer ဖြစ်တာနဲ့အညီ ကျောင်းမှာလူသိများကျော်ကြားတဲ့ Baek Ho Rang ဆိုတဲ့ကောင်မလေးဖြစ်ပါတယ်။ သူမဖုံးကွယ်ထားချင်တဲ့ အတိတ်တုန်းကအကြောင်းအရာတွေကို ပြန်လည်ဖော်ထုတ်ချင်နေတဲ့ လူစိမ်းတစ်ယောက်ရဲ့ အချက်အလက်တွေကို ရှာဖွေဖို့အတွက် Go Eun Taek ရဲ့အကူအညီကို လိုအပ်တာကြောင့် broadcasting club ကို ဝင်ရောက်ခဲ့ရာကနေ ဇာတ်လမ်းလေးအစပြုလာမှာဖြစ်ပါတယ်။

Get Revenge

မင်းသမီးချော Kang Hae Ra (Kim Sa Rang) ဟာဆိုရင် လူသိများကျော်ကြားတဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်လိုက်ရာကတဆင့် သတင်းထောက်တစ်ဦးဘဝကနေပြီး ကိုရီးယားနိုင်ငံရှိ အလွှမ်းမိုးဆုံး Influencers တွေထဲကတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီလိုကနေ သူမလက်တုံ့ပြန်ဖို့အတွက် အခွင့်အရေးရလာခဲ့ပြီး ၁၀၀ ရာခိုင်နှုန်းအောင်မြင်နိုင်ခြေ အမြဲရှိတဲ့ အေးစက်စက် ရှေ့နေ Cha Min Joon နဲ့အတူ လက်တွဲကြပါတော့တယ်။

The Uncanny Counter

နာမည်ကြီး Webtoon ကို အခြေခံထားတဲ့ “The Uncanny Counter” ကတော့ မကောင်းဆိုးဝါးတွေကို ခြေဖျက်နှိမ်နင်းဖို့အတွက် ခေါက်ဆွဲစားသောက်ဆိုင်ရဲ့ ဝန်ထမ်းတွေအဖြစ် သရုပ်ဆောင်နေကြတဲ့ မုဆိုးတွေရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မသေဆုံးနိုင်တဲ့ဘဝကို ရရှိဖို့အတွက် ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့ မကောင်းဆိုးဝါးတွေနဲ့ စွမ်းရည်ကိုယ်စီရှိကြတဲ့ မုဆိုးတွေကြားက တိုက်ပွဲတွေကို ရင်သပ်ရှုမောစွာကြည့်ရမှာဖြစ်ပါတယ်။

Awaken

Mystery ဆန်တဲ့ဇာတ်ကားတွေကို ကြိုက်တဲ့သူတွေအတွက်တော့ တကယ်သဘောတွေ့မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်နိုင်ပါတယ်။ ဘယ်လိုကာရိုက်တာမျိုးကိုမဆို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်တဲ့ မင်းသား Nam Goong Min အပြင် AOA အဖွဲ့က ချစ်စရာကောင်းတဲ့ ကောင်မလေး Seolhyun နဲ့ မင်းသမီးချော Lee Chung Ah တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။