မင်္ဂလာပါနော်။ အလှအပတွေအကြောင်း ဖက်ရှင်အကြောင်းပဲ ဖတ်နေရတော့ ပျင်းနေပြီလား။ ဒီတခါမှာတော့ အချစ်ရေးအကြောင်း ပြောရအောင်နော်။ သူကိုယ့်ကို အပျော်တွဲတာလား လက်ထပ်ဖို့အထိ ရည်ရွယ်တာလားဆိုတာ သူနှုတ်ကပြောစရာမလိုဘဲ အလိုလိုသိနိုင်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။

၁။ စားသောက်ဆိုင်တစ်ခုမှာ အတူတူ ထမင်းစားတဲ့အခါ သူငွေရှင်းပါရစေလို့ သင့်ကို တလေးတစားခွင့်တောင်းပြီး ရှင်းပါလိမ့်မယ်။ အပျော်တွဲတဲ့သူကတော့ သင်ဗိုက်ပြည့်တာမပြည့်တာ ဂရုမစိုက်ဘဲ သင့်ရဲ့ ဆန္ဒကိုမမေးဘဲ ငွေရှင်းမယ်။ (သို့) ငွေမရှင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၂။ သင့်ကို လက်ထပ်ဖို့အထိရည်ရွယ်ထားသူ သင့်ကို တန်ဖိုးထားသူဟာ သင်နဲ့တွေ့တဲ့အခါ လူတွေရဲ့ ဆိတ်ကွယ်ရာမှာမဟုတ်ဘဲ အေးချမ်းပြီး သာယာတဲ့နေရာမျိုးမှာ သင်နဲ့တွေ့မှာပါ။ အပျော်တွဲတဲ့သူကတော့ ပါတီပွဲတွေ၊ Club တွေ ဒါမှမဟုတ် လူရှင်းတဲ့နေရာတွေမှာ သင့်ကိုခေါ်တွေ့မှာဖြစ်ပါတယ်။

၃။ သင့်ရဲ့စိတ်မပါဘဲ သင့်ကိုဘာမှလုပ်မှာမဟုတ်ပါဘူး။ တကယ်မချစ်တဲ့သူကတော့ သင့်ရဲ့ စိတ်ဆန္ဒမပါဘဲ အထိအတွေ့ကို ရယူဖို့ ကြိုးစားတတ်ကြပါတယ်။

၄။ တကယ်မချစ်တဲ့သူကတော့ သင့်ကို ကတိပေးမှာမဟုတ်ပါဘူး။ တကယ်လို့ ကတိပေးခဲ့ရင်လည်း ကတိတည်မှာမဟုတ်ပါဘူး။ တကယ်ချစ်ပြီးလက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ သူကတော့ ကတိတည်အောင်ကြိုးစားတတ်ကြပါတယ်။

၅။ သင့်ကို လက်ထပ်ဖို့ အစီအစဉ်မရှိတဲ့သူဟာ သင်တို့နှစ်ယောက်နဲ့ ပတ်သက်တဲ့ အနာဂတ်အကြောင်းကို ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ပါဘူး။ သူ့မှာအစီအစဉ်မရှိလို့ပါ။ သင့်ကို တကယ်ချစ်ပြီးလက်ထပ်ချင်သူကတော့ သင်တို့နှစ်ယောက်အနာဂတ်အတွက် ကြိုးစားပြီး အနာဂတ်အကြောင်း တိုင်ပင်မှာဖြစ်ပါတယ်။

၆။ သင့်ကို အပျော်တွဲတဲ့သူကတော့ သင့်ကိုသူတကယ်ချစ်မချစ်တောင် သေချာမသိပါဘူး။ မသေချာ မရေရာဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သူသင့်အပေါ် တကယ်ချစ်မချစ်ဆိုတဲ့အပေါ်မှာ စိတ်ချမှုအပြည့်မရတတ်ပါဘူး။ သင့်ကို တကယ်ချစ်ပြီးလက်ထပ်ချင်သူကတော့ သင့်ကို လုံခြုံစိတ်ချစေပြီး သူ့အချစ်ကိုလည်း ယုံကြည်မှုရှိစေပါတယ်။

၇။ သင့်ကို တကယ်ချစ်ပြီးလက်ထပ်ချင်သူကတော့ လက်ထပ်ခွင့်တောင်းမှာပါ။ လက်မထပ်ချင်ဘဲ အပျော်တွဲသူကတော့ လက်ထပ်ဖို့အကြောင်းရင်းရှိခဲ့ရင်တောင် ရှောင်ပြေးနေမှာဖြစ်ပါတယ်။

၈။ သင့်ကိုလက်ထပ်ချင်သူဟာ သင့်မိတ်ဆွေ သင့်မိဘ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ နီးစပ်အောင်ကြိုးစားမယ်။ သူတို့အကြောင်းကိုလည်း စိတ်ဝင်စားပါတယ်။ တကယ်လက်မထပ်ချင်သူကတော့ မေးတောင်မေးမှာမဟုတ်ပါဘူး။ သူတို့တွေနဲ့ တွေ့ဆုံရမှာလည်း သူမကြိုက်ပါဘူး။

သင့်ချစ်သူကို သင်လက်ထပ်ချင်တာ သေချာပြီလား။