အရင်က ကိုယ်မှကိုယ် သဲသဲလှုပ်ချစ်တဲ့သူက ပြောင်းလဲသွားတဲ့အခါ စိတ်ခံစားမှုပြောင်းလဲမှုကို တဖက်လူက သိသိသာသာ ခံစားမိတတ်ကြပေမယ့် ဟုတ်ပါ့မလားဆိုတဲ့စိတ်နဲ့ အများစုက ဒွိဟဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် သင်ခံစားမိနေတာက ဟုတ်နေမလားဆိုတာ ရှင်းရှင်းလင်းလင်း သိသာစေတဲ့အထဲမှာ ဒီအချက်တွေလည်း ပါပါတယ်။
သင့်အတွက် အချိန်မရှိတော့တာ
အရင်က ပိတ်ရက်တွေ အားလပ်ရက်တွေမှာ အမြဲတွေ့ရအောင် ပြောနေတဲ့သူက မေးလိုက်ရင် တွေ့ဖို့ ဘာအစီအစဉ်မှမရှိတော့တာ ၊ သင်နဲ့အတူရှိရမှာကို ဝန်လေးလာတာ အဆိုးဆုံးက ဖုန်းလေးဆက်ဖို့တောင်အချိန်မပေးချင်တော့တာပါ။
မလွမ်းတော့တာ
လွမ်းတယ်ဆိုတာက ချစ်ခြင်းမေတ္တာရဲ့တစိတ်တပိုင်းပါ။ ဒါပေမယ့် အချိန်တွေကြာနေတာတောင် သင့်အကြောင်း တစ်ကြိမ်လောက် မစဉ်းစားရင် ၊ လွမ်းတယ်ဆိုတာမျိုးမရှိတော့တာက သူ့ရဲ့ခံစားချက်တွေ ပြောင်းလဲနေပြီဆိုတာကို သက်သေပြနေတာပါ။
ဝေမျှမှုမရှိတော့တာ
တစ်နေ့တာ ဘာလုပ်တယ် ဘာစားတယ် ဘယ်သွားတယ် စသဖြင့် သူ့ရဲ့အဆင်ပြေမှု မပြေမှုတွေ ၊ အဆိုးအကောင်းအားလုံးကို သင့်ကိုအရင်လိုသတိမရတော့ မဝေမျှတော့တာကလည်း အရင်လို သင့်ကို စိတ်မဝင်စားတော့ဘူးဆိုတဲ့ အရိပ်ယောင်ပါပဲ။
သင့်ကိုလျစ်လျှူရှုတာ
သူ့ရဲ့အနာဂတ်အစီစဉ်တွေထဲမှာ သင်မပါတော့တာ ဒါမှမဟုတ် အနာဂတ်ကို အတူတူပုံဖော်မယ်ဆိုတဲ့ သင့်ရဲ့စိတ်ကူးကို လျစ်လျူရှုထားတယ်ဆိုရင် အဲဒါကလည်း အချစ်ပျက်သွားတဲ့နောက်ထပ်လက္ခဏာတစ်ခုပါပဲ။