ပထမဦးဆုံးသော ကာတွန်းကားကို ၁၈၉၂ ခုနှစ်မှာ စတင်ဖန်တီးခဲ့တာဖြစ်ပြီးတော့ သရုပ်ဖော်သူ Charles-Émile Reynaud ဟာ အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေရဲ့ ရှေ့မှောက်ကိုထုတ်ဖော်ပြသခဲ့ပါတယ်။ အင်မတန်ကို လူကြိုက်များကျော်ကြားခဲ့ပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ရုပ်ရှင်ရုံတွေရဲ့ ငြင်းပယ်မှုကိုခံခဲ့ရပါတယ်။ သို့သော်လည်း အခုချိန်မှာတော့ အန်နီမေးရှင်းတွေက နောက်ထပ်တစ်ဖန် ပြန်ပြီးကျော်ကြားလာခဲ့ပါပြီ။ ကလေးတွေလိုပဲ လူကြီးတွေလည်း စိတ်အပန်းဖြေဖို့၊ ပျော်စရာ၊ ရယ်မောစရာရှိဖို့ လိုအပ်တယ်ဆိုတာကို ယနေ့ခေတ်သစ်ကာတွန်းဖန်တီးရှင်များက သေချာသိနားလည်ထားပါတယ်။

ဒါကြောင့် အခုတစ်ခါမှာဆိုရင် လက်ရှိဖြစ်ပေါ်နေတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ဘယ်မှလည်းမသွားနိုင်၊ အိမ်မှာပဲ ငုတ်တုပ်သောင်တင်နေရတဲ့ ကိုယ့်ရဲ့အချိန်တွေကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးနိုင်ဖို့အတွက် ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်းက လူကြိုက်များခဲ့တဲ့ ကာတွန်းကားတွေကို ပြောပြပေးချင်ပါတယ်။

The Queen’s Corgi

ဒီဇာတ်ကားလေးကတော့ ဘုရင်မကြီး အဲလိဇဘတ် (၂) ရဲ့ အချစ်တော်ခွေးလေးအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရက်ဇ် လို့အမည်ရတဲ့ Corgi အမျိုးအစားခွေးလေးဟာ နန်းတော်အတွင်းရှိ ပြဿနာတွေထဲကနေ ရှောင်ပြေးရာကနေ နန်းပြင်မှာလမ်းပျောက်သွားခဲ့ပါတယ်။ နန်းတော်ဆီကို ဘေးအန္တရာယ်မရှိဘဲ ပြန်သွားနိုင်ဖို့အတွက် သူတစ်ခါမှမနေခဲ့ဖူးတဲ့ အပြင်လောကကြီးမှာ သူဘယ်လိုမျိုးကြိုးစားရုန်းကန်ရမလဲ၊ သူ့အချစ်စစ်နဲ့ရော ဘယ်လိုတွေ့ဆုံမလဲ စသဖြင့်ကို ဇာတ်အိမ်ဖန်တီးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ကြာမြင့်ချိန် : ၈၅ မိနစ်

The Addams Family

ငယ်စဥ်တုန်းကကြားဖူးခဲ့တဲ့ The Addams မိသားစုကို ပိတ်ကားပြင်ထက် တစ်ဖန်ပြန်ရောက်လာဖို့အတွက် နှစ်တွေအများကြီး ဆုတောင်းခဲ့ရာမှာ အခုဆိုရင်တော့ ဆုတောင်းပြည့်ခဲ့ပါပြီ။ ပုံစံအသွင်အပြင် ထူးခြားကွဲပြားတဲ့ The Addams မိသားစုက သာမန်လူတွေအမြင်မှာတော့ အင်မတန်ထူးထူးဆန်းဆန်းနိုင်လှပေမယ့်လည်း မြို့နဲ့ဝေးရာ တောင်ကုန်ကြီးပေါ်က အိမ်လေးမှာ ပျော်ရွှင်စွာနေထိုင်နေကြတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။ သို့သော်လည်း သူတို့ကို မကောင်းဆိုးဝါးတွေလို့ အထင်မှားပြီး မြို့ထဲကနေ မောင်းထုတ်ဖို့ပြင်တဲ့အခါမှာ ဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲဆိုတာကို သိချင်တယ်ဆိုရင် ဇာတ်ကားလေးကို ရှာပြီးတော့သာကြည့်လိုက်ပါနော်။

ကြာချိန်: ၈၆ မိနစ်

Salma’s Big Wish

Salma ဆိုတဲ့ မိန်းမပျိုလေးဟာ သူမကိုအင်မတန်ချစ်မြတ်နိုးတဲ့ မွေးစားမိသားစုနဲ့အတူနေထိုင်ပြီး ကြီးပြင်းလာခဲ့ပေမယ့်လည်း ၁၆ နှစ်လုံးလုံး သူမရဲ့မိဘအရင်းတွေကို ရှာဖွေဖို့အတွက် စိတ်ကူးရှိနေပါတယ်။ သေဆုံးသူတွေအတွက် ပွဲတော်ကျင်းပရာ စပိန်မြို့လေးတစ်မြို့မှာနေထိုင်တာဖြစ်ပြီး ထိုနေ့မတိုင်ခင်ပဲ Salma ရဲ့ မွေးစားအစ်ကိုတွေဟာ လူသားတွေရဲ့ကမ္ဘာနဲ့မတူတဲ့ တခြားကမ္ဘာတစ်ခုရဲ့တံခါးကိုဖွင့်နိုင်တဲ့ ဂါထာပါစာအုပ်ကို ရှာဖွေ့သွားခဲ့ပါတယ်။ အဲ့အခါမှာ Salma တစ်ယောက် လူသေကမ္ဘာကိုသွားပြီးတော့ သူမရဲ့မိဘအရင်းတွေကို ဘယ်လိုမျိုးသွားပြန်ရှာမလဲ၊ သူမရဲ့အတိတ်အကြောင်းတွေကိုရော သိနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။

ကြာချိန် : ၉၅ မိနစ်

Wonder Park

June ဆိုတဲ့ကောင်မလေးဟာ ငယ်စဥ်အရွယ်တုန်းက တိရိစ္ဆာန်လေးတွေအလုပ်လုပ်တဲ့ ကစားကွင်းတစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးနေသူဖြစ်ပါတယ်။ ကစားကွင်းကိုဖန်တီးရင်းနဲ့ တစ်ရက်ပြီးတစ်ရက် အချိန်တွေကုန်လာခဲ့ရာကနေ အရွယ်ရောက်လာခဲ့ပါတယ်။ သို့သော်လည်း သူမရဲ့အမေဖျားနာမှုကြောင့် အိပ်မက်တွေကို အကောင်အထည်မဖော်ခဲ့နိုင်တဲ့ June ရဲ့စိတ်ကူးယဥ်ကစားကွင်းက အပြင်မှာတစ်ကယ်ရှိတယ်ဆိုတာကို သူမ ဘယ်လိုမှမတွေးမိခဲ့ပါဘူး။ June လုံးလုံးမေ့ထားခဲ့တဲ့အတွက်ကြောင့် ကစားကွင်းက ဒုက္ခနွံထဲရောက်နေချိန်မှာ သူမကိုကူညီဖို့ရောက်လာခဲ့တဲ့ သူငယ်ချင်းတွေနဲ့ ဘယ်လိုမျိုးကယ်ဆယ်မလဲဆိုတာကို မြန်မြန်သာကြည့်လိုက်ပါ။

ကြာချိန် : ၈၅ မိနစ်

Spies in Disguise

Lance ဟာ အင်မတန်ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းပြီး နိုင်ငံတွေ၊ မြို့တွေကို လိုက်လံကာကွယ်ရတာကို သဘောကျတဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ Walter ကတော့ ငယ်ရွယ်တဲ့ သိပ္ပံပညာရှင်ကောင်လေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တီထွင်မှုတွေကိုသုံးကာ ကမ္ဘာလောကကြီးရဲ့ အန္တရာယ်တွေကို ကာကွယ်ချင်သူလည်းဖြစ်ပါတယ်။ ကုမ္မဏီက Lance ရဲ့အကူအညီကို လိုအပ်လာချိန်မှာ ခိုတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒီအခါ ကမ္ဘာကြီးကိုကယ်ဖို့အတွက် Walter ရဲ့အကူအညီကို လိုအပ်လာရာကနေ ဘယ်လိုမျိုးဇာတ်အိမ်တွေဖန်တီးသွားမလဲဆိုတာကို ရုပ်ရှင်ကြည့်ရင်း အဖြေရှာလိုက်ပါ။

ကြာချိန် : ၁၀၂ မိနစ်

Source: BrightSide