တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ မကောင်းတဲ့အကျင့်တစ်ခုပါပဲ။ ကိုယ်တိုင်လည်း တစ်ကိုယ်ဆန်တတ်တဲ့အကျင့်ကို ပျောက်ချင်တယ်ဆိုရင် ဒီအရာတွေကို လုပ်ကြည့်ပါ။ တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့်က တစ်ဖြေးဖြေးချင်းစီ ပျောက်သွားပါလိမ့်မယ်။

တစ်ဖက်လူရဲ့စကားကိုနားထောင်ပါ

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက တစ်ဖက်လူရဲ့စကားကို နားထောင်လေ့မရှိပါဘူး။ ကိုယ်ဖြစ်ချင်တာပဲကိုယ်သိတယ်။ ကိုယ်ပြောချင်တာပဲပြောတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်တတ်တဲ့အကျင့် ပျောက်ချင်ရင်တော့ တစ်ဖက်လူရဲ့စကားကို နားထောင်ပေးလိုက်ပါ။ ပြီးမှ မှန်လားမှားလား စဉ်းစားပြီးဆုံးဖြတ်ပါ။ တစ်ဖက်လူကိုလည်း သူပြောချင်တာပေးပြောလိုက်ပါ။

ကိုယ်ချင်းစာစိတ်ထားကြည့်ပါ

တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်ပျောက်ချင်ရင် ကိုယ်ချင်းစာစိတ်ရှိအောင် ကြိုးစားရပါမယ်။ အရာရာကို ကိုယ်ချင်းစာစိတ်ထားတတ်တဲ့သူက တစ်ကိုယ်ကောင်းမဆန်တတ်ပါဘူး။ တစ်ဖက်လူအတွက်လည်း အမြဲကြည့်ပြီး တွေးပေးတတ်ပါတယ်။

ကိုယ့်အမှားကိုလက်ခံပါ

တစ်ကိုယ်ကောင်းဆန်တဲ့သူတွေက ကိုယ့်ကိုယ်ကို မှားတယ်လို့ဘယ်တော့မှ မထင်ပါဘူး။ မှားနေတာကိုသိရင်တောင် ဝန်မခံပဲ ဆက်ပြီးမာနကြီးနေတတ်ပါတယ်။ ဒါကြောင့် တစ်ကိုယ်ကောင်းဆန်တဲ့အကျင့် ပျောက်ချင်ရင်တော့ ကိုယ့်အမှားကိုလက်ခံပြီး အမှားကိုပြင်ဆင်ပြီး နောက်မဖြစ်အောင် ဆင်ခြင်နိုင်ရပါမယ်။

အမြဲတမ်းပြန်သုံးသပ်ပါ

တစ်ခုခုလုပ်တော့မယ်ဆိုရင် ငါလုပ်တဲ့အရာက မှန်ပါ့မလား၊ တရားပါ့မလား၊ တစ်ကိုယ်ကောင်းဆန်သလို ဖြစ်နေမလားဆိုတာကို အမြဲတမ်းပြန်စဉ်းစားပြီး သုံးသပ်ပါ။ ဒီလို တစ်ခုခုလုပ်တော့မယ်၊ ဆုံးဖြတ်တော့မယ်ဆိုရင် အရင်စဉ်းစားသုံးသပ်ပြီးမှလုပ်တာက အကျင့်ဖြစ်သွားရင် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လည်း တစ်ဖြေးဖြေးလျော့ကျလာပါလိမ့်မယ်။

ကူညီပါ

လူတိုင်းကို ကူညီကြည့်ပါ။ ကူညီချင်တဲ့စိတ်ထားကြည့်ပါ။ လိုအပ်တဲ့သူတွေကို သေချာကူညီပေးလိုက်ပါ။ ကိုယ်ကူညီလိုက်လို့ အဆင်ပြေသွားတာကိုမြင်ရရင် ပီတိဖြစ်ပြီး နောက်ထပ်လည်း ကူညီချင်စိတ်ဖြစ်လာပါလိမ့်မယ်။ Volunteer တွေလည်း ဝင်လုပ်ပါ။ ဒါဆိုရင် တစ်ဖက်လူအပေါ်မှာ ကူညီတတ်တဲ့စိတ်၊ ကိုယ်ချင်းစာတတ်တဲ့စိတ် အလိုလိုရှိလာမယ့်အတွက် တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လည်း ပျောက်ကွယ်သွားပါလိမ့်မယ်။