တချို့တွေ မပျော်ရွှင်နိုင်တာ စီးပွားရေး အဆင်မပြေလို့၊ ပညာမတတ်လို့၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးနေလို့၊ အသွင်မတူသူတွေနဲ့ အဆင်ပြေအောင် နေနေရလို့ စတဲ့စတဲ့ အကြောင်းတွေမှ အများကြီးပါပဲ။

ဘာကြောင့်ပဲ မပျော်မပျော် ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ထားဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတော့ ပျော်ရွှင်လွတ်လပ်တဲ့ ဘဝနဲ့ နေသွားချင်သူတွေအတွက် ရှောင်သင့်တဲ့အချက်လေးတွေ မျှဝေပေးချင်ပါတယ်။

(၁) Social Media သုံးတာ ခဏနားထားပါ

တကယ်ပျော်ရွှင်ချင်တယ် လွတ်လပ်မှုအပြည့်ရှိချင်တယ်ဆိုရင် ပုံရိပ်ယောင် လူမှုကွန်ရက်လောကကနေ ခွာတတ်ဖို့ လိုပါတယ်။ အနည်းဆုံး တစ်ပတ်မှာ ၃ ရက်လောက်ဖြစ်ဖြစ် Facebook ၊ Instagram ၊ TikTok တို့နဲ့ အဆက်ဖြတ်ထားသင့်ပါတယ်။

Social Media စွဲလမ်းမှုဟာ ကိုယ့်လွတ်လပ်ပျော်ရွှင်ခြင်းအတွက် လှောင်အိမ်ဆောက်လိုက်တာပဲ ဖြစ်ပါတယ်။

(၂) ကိုယ့်ကိုယ်ကိုယ် ဘယ်သူနဲ့မှ မနှိုင်းနဲ့

လူတွေဟာ ကိုယ့်ပိုင်ဆိုင်မှုကို တခြားသူရဲ့ လက်ထဲက အရာတွေနဲ့ ယှဉ်ပြီး နည်းတယ်/များတယ် ဆုံးဖြတ်တတ်တဲ့သဘောရှိပါတယ်။ ဒီအပေါ်မူတည်ပြီး ကိုယ်ရတာကို ကျေနပ်တာ/စိတ်ဆိုးဒေါသထွက်တာတွေ ဖြစ်လာပါတယ်။

နှိုင်းယှဉ်ခြင်းဆိုတာ ပျော်ရွှင်မှုကို သတ်တဲ့ လက်နက်တစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုအခိုက်အတန့်လေးတွေဟာ ဘယ်အရာ ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ ရတာမျိုး မဟုတ်ပါဘူး။ တစ်ယောက်ယောက်နဲ့ နှိုင်းယှဉ်လိုက်တာနဲ့ ပျော်ရွှင်ခြင်းဟာ ရုတ်ချည်း ပျောက်ဆုံးပျက်စီးသွားစမြဲပါပဲ။

(၃) ကိုယ်မြတ်နိုးတဲ့ ဝါသနာတွေ လုပ်ဖြစ်အောင် လုပ်ပါ

ဘာမှ လုပ်စရာမရှိရင် လူက လေတတ်ပါတယ်။ စိတ်မလေအောင် လုပ်စရာတစ်ခုခု ရှိထားတာ ကောင်းပါတယ်။ ဒီလိုလူတွေအတွက် ဝါသနာကောင်းတစ်ခုခု ရှိထားတာဟာ အကောင်းဆုံးနည်းလမ်းပါပဲ။

ကိုယ်သဘောကျတာလေးတွေ လုပ်ရပြီဆိုရင် လူဟာ ကြည်နူးရွှင်မြူးလာသလို စိတ်အင်အား လူအင်အားအပြည့်နဲ့လည်း အားစိုက်ပြီး ပျော်ပျော်ကြီး လုပ်ဖြစ်တတ်ပါတယ်။

(၄) အငြင်းခံရမှုကို လက်ခံပါ

လူတွေ မပျော်ရွှင်ရတဲ့ အကြောင်းရင်းထဲမှာ အငြင်းခံရမှာကို ကြောက်တဲ့စိတ်လည်း တစ်ခု အပါအဝင်ပါပဲ။ အလုပ်အင်တာဗျူးဖြေရမယ်ဆို အလုပ်ရဖို့ လမ်းစပေါ်ပြီဆိုပြီး ပျော်ရမယ့်အစား လူတော်တော်များများဟာ အင်တာဗျူးမှာ ငါ့ကို မရွေးရင်ဆိုတဲ့ အတွေးနဲ့ စိတ်ဖိစီးတတ်ကြပါတယ်။

ပျော်ရွှင်တဲ့ဘဝတစ်ခု ပိုင်ဆိုင်ချင်ရင် Rejection ဆိုတဲ့ အပယ်ခံ/အငြင်းခံ အခြေအနေကို လက်ခံပြီး တခြားဘာလုပ်နိုင်မလဲဆိုတဲ့အပိုင်းကို အာရုံစိုက်တတ်ဖို့ လိုပါတယ်။