လူတိုင်းက အမှားနဲ့ မကင်းကြတဲ့သူတွေချည်းပါပဲ။ ဒါပေမယ့် အချို့အမှားတွေက အိမ်ထောင်ဖက်နှစ်ဦးကြား ဆက်ဆံရေးကို ပြတ်တောက်သွားစေတဲ့အထိ ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဇနီးမောင်နှံများအနေနဲ့ ကိုယ့်ရဲ့ အိမ်ထောင်ရေးကို သက်ဆုံးတိုင် တည်မြဲသွားစေချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို ရှောင်ကြဉ်သင့်ပါတယ်။

တစ်ကြိမ်တစ်ခါက ပြဿနာမရှိပေမယ့် တူညီတဲ့အမှားကို ထပ်တလဲလဲ ပြုလုပ်တဲ့အခါ အိမ်ထောင်ဖက်နှစ်ဦးကြား မင်္ဂလာခရီးလမ်းမှာ အဖုအထစ်သဖွယ် ဖြစ်သွားပြီး နောက်ဆုံးမှာတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို ဖြစ်သွားနိုင်ပါတယ်။

အတိတ်က ပြဿနာများကို ပြန်လည်တူးဆွနေခြင်း

တစ်ခါတစ်ရံမှာ လက်ရှိအချိန်တွင် ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် အတိတ်က ပြဿနာတွေကိုပဲ သွားရောက်အစဖော်မိတာတွေ ဖြစ်နေတတ်ပါတယ်။

ဒီလိုနဲ့ ပြဿနာရဲ့ ဦးတည်ချက်က ပြောင်းသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကြား အမြင်မကြည်တဲ့ ပြဿနာတွေပဲ ဖြစ်ပေါ်လာမှာပါ။ ဒါ့ကြောင့် အတိတ်က ပြဿနာတွေကို ပြန်လည်တူးဆွမနေဘဲ ပြီးပြီးတဲ့ကိစ္စတွေကို မေ့ပစ်လိုက်ပါ။

တစ်ယောက်အပေါ် တစ်ယောက် စိတ်ဝင်စားမှုမရှိခြင်း

တစ်ယောက်က ဘာလုပ်နေသလဲ။ ကျန်တစ်ယောက်ကရော ဘာလုပ်နေသလဲဆိုတာတွေကို စိတ်ဝင်စားမှုမရှိတော့ဘဲ တစ်ယောက်နဲ့ တစ်ယောက်ကြား သွေးအေးသွားတဲ့အခါမှာလည်း ထိုဆက်ဆံရေးက ရေရှည်တည်တံ့နိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် တစ်ယောက်ကို တစ်ယောက် ကြင်ကြင်နာနာ ဆက်ဆံတတ်ဖို့လည်း လိုအပ်သလို စိတ်ဝင်စားမှုရှိကြောင်းလည်း ပြသဖို့လိုအပ်ပါတယ်။

အခြားသူများရဲ့ ဝင်စွက်ဖက်မှုကို ခွင့်ပြုထားခြင်း

အိမ်ထောင်ဖက်နှစ်ဦးကြားထဲက ပြဿနာထဲသို့ ယောက္ခမများ၊ ယောင်းမ၊ ခဲအို၊ မရီး၊ ယောက်ဖ၊ အခင်ဆုံးဘော်ဒါများ၊ ဆရာသမားများ အစရှိတဲ့ အပြင်လူများသည် ဝင်ရောက်စွက်ဖက်တတ်ကြပါတယ်။

သူတို့ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ဒီအတိုင်းထားလိုက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြား အခြေအနေ ပိုမိုတင်းမာလာပြီး ပြဿနာကိုလည်း ထိထိရောက်ရောက်ဖြေရှင်းနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သင်တို့နှစ်ဦးကြားက ပြဿနာကို သင်တို့ပဲ ကိုယ်တိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ တတိယလူ အဝင်မခံပါစေနဲ့။

အနိုင်ရလိုချင်စိတ် ပြင်းပြခြင်း

တစ်ယောက်နှင့်တစ်ယောက် မာနကို ရှေ့တန်းတင်နေမယ်ဆိုရင်တော့ ထိုဆက်ဆံရေးသည် ရေရှည်တည်မြဲမှာမဟုတ်ပါဘူး။ အိမ်ထောင်ဖက်နှစ်ဦးကြား မင်္ဂလာ ခရီးလမ်းကို ထာဝစဉ် တည်တံ့လိုပါက အနိုင်ယူချင်စိတ်ကိုလည်း ချိုးနှိမ်ထားရပါမယ်။

တစ်ယောက်ကို တစ်ယောက် အလျော့ပေးကာ အပေးအယူမျှမျှနှင့် ချစ်ချစ်ခင်ခင်ရှိမှသာလျှင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာပါ။

ကလေးယူဖို့ အဆင်သင့်မဖြစ်သေးဘဲနဲ့ ကလေးယူခြင်း

အချို့သော စုံတွဲတွေသည် ကလေးယူခြင်းက သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ယူဆနေကြပါတယ်။ တကယ်တော့ ထိုအယူအဆသည် မှားယွင်းနေတာဖြစ်ပါတယ်။ ကလေးကို အဆိပ်အတောက်ဆန်တဲ့ အိမ်ထောင်ရေးတစ်ခုကနေ ကြီးထွားမလာစေချင်ဘူးဆိုရင် နှစ်ယောက်ကြားထဲက ပြဿနာကို အရင်ဖြေရှင်းလိုက်ပါ။ ပြီးမှ ကလေးယူသင့် မယူသင့်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

တိုင်ပင်ခြင်းမရှိဘဲ တစ်ဖက်သတ်ဆုံးဖြတ်ချက်များ ချမှတ်ခြင်း

ဒီအချက်သည်လည်း သေသေချာချာ သိထားသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ငါက အိမ်ထောင်ဦးစီးပဲ ငါ ဆုံးဖြတ်ရင် လိုက်နာရမယ်ဆိုတဲ့စိတ်မျိုး မထားရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ကာ အကြံဉာဏ်များ ရယူသင့်ပါတယ်။ ဒါမှလည်း တစ်ဖက်လူကလည်း သူသည် လူရာသွင်းကာ တန်ဖိုးထားခံရပါလားဆိုတဲ့ စိတ်ခံစားချက်၊ စိတ်လုံခြုံမှုကို ရရှိမှာပဲဖြစ်ပါတယ်။